အသက် ၉၀ နှစ် အထက် သက်ကြီး ရွယ်အိုများအား လူမှုရေး ပင်စင် အဖြစ် ထောက်ပံ့မှုပေးနေရာမှ လာမည့် ဘဏ္ဍာနှစ် ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ စပြီး အသက် ၈၅ နှစ်သို့ ပြောင်းလဲ ထောက်ပံ့မှု ပေးသွားမည်ဖြစ်သည်။
အသက် ၉၀ နှင့် အထက် အဘိုးအဘွားများကို တလလျှင် ငွေကျပ် ၁ သောင်းနှုန်းဖြင့် ပေးအပ်နေမှုကို ထပ်မံ ၅ နှစ်လျော့ ၍ ထောက်ပံ့မှု ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်)မှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
မေ ၁၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အစိုးရ၏ ဒုတိယ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီးက “သက်ကြီး ရွယ်အို ပင်စင် ထူးခြားစွာ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဒါဟာ လူမှု ကာကွယ် စောင့်ရှောက်ရေး ၈ ချက်ထဲက ၁ ချက်ဖြစ်ပါတယ်။ အသက်အရွယ် အပိုင်းအခြား အလိုက် ဥပဒေအရ အသက် ၉၀ ကနေ စတယ်။ လာမည့် နှစ်မှာ ၈၅ နှစ်ထိ လျော့ပြီး ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခု အစိုးရသစ် လက်ထက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှစ၍ ၁ နှစ်လျှင် ၄ သုတ်ခွဲကာ ၃ လလျှင် ၁ ကြိမ်နှုန်းဖြင့် ထောက်ပံ့ နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အသက် ၉၀ နှင့် အထက် လူဦးရေ ၇ သောင်းကျော် ရှိရာမှာ ၅ သောင်း ကျော်ကို ထောက်ပံ့ပေးနိုင်ကြောင်း လာမည့် ဘဏ္ဍာနှစ်မှ စ၍ ၈၅ နှစ် နှင့် အထက် လျှော့ပြီး ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်သည့်အတွက် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်၌ လူဦးရေ ၁၄၀၀၀၀ အတွက် တင်ပြတောင်းခံ ထားသည်ဟု လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ စန်းစန်းအေး က ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနမှ လက်ရှိ ပေးနေသော လူမှုရေး ပင်စင်များကို လာမည့် ဘဏ္ဍာနှစ်တွင် အသက်လျှော့ချရန်အပြင် တလ ကျပ် ၁ သောင်းထက်ပို၍ တိုးမြှင့် သတ်မှတ်ရန် အကြံပြု တင်ပြ မှုများ ရှိကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ စန်းစန်းအေးက “ပံ့ပိုးတဲ့ ငွေပမာဏက တလမှာ ငွေကျပ် ၁ သောင်း ထောက်ပံ့မှာ ဖြစ်ပါတယ်။ တလကို ၁ သောင်းကနေ ၁၂၀၀၀ လုပ်မလားဆိုပြီး စဉ်းစားတဲ့ အခါမှာ ဘတ်ဂျက် အနေအထားရရော အရေးတကြီး လိုအပ်တာက အသက် လျော့ချဖို့က အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့ အတွက် ဒီနှစ်ဘက်ဂျက်မှာ တယောက်ကို ၁ သောင်းနဲ့ ၃ လတခါ ထောက်ပံ့မှာ ဖြစ်ပါတယ်။ အသက် ၈၅ နှစ် အထက်ထိတော့ တင်ထားပါတယ်” ဟု ဆိုသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း အရ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို ဦးရေမှာ ၂ သိန်း ကျော်ရှိ ကြောင်း သိရသည်။