သတင်း

ပုံပါကျင်မြို့နယ် အတွင်း “ဝ”တပ်ဖွဲ့ မြေသိမ်းမှုများ ရှိဟုဆို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း ပုံပါကျင်မြို့နယ် အတွင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ၁၇၁ တပ်ဖွဲ့ က ဒေသခံ တောင်သူများထံမှ မြေ ဧက ၆၀ ကျော် သိမ်းဆည်းထားကြောင်း ဒေသခံများက ပြောသည်။

UWSA ၏ ၁၇၁ တပ်ဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ ပုံပါကျင်မြို့နယ် ဟွေအော်(ဟွေအော့) ကျေးရွာမှ ဒေသခံ တောင်သူ ၂၃ ဦး ပိုင်ဆိုင်သော လယ်ယာမြေ ဧက ၆၀ ကျော်ကို သိမ်းဆည်း ထားသည်ဟု ဆိုသည်။

မြေယာ သိမ်းဆည်းသွားမှုအပေါ် တောင်သူ ၂၃ ဦးက လျော်ကြေးငွေ ပေးရန် တောင်းဆိုနေခြင်းကြောင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ် နှင့် ရှမ်းပြည်နယ်အစိုးရက ညှိနှိုင်း ဖြေရှင်းပေးနေကြောင်း ရှမ်းပြည်နယ် မိုင်းတုံ မဲဆန္ဒ နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစန်းဝင်းအောင် က ပြောသည်။

“ဟွေအော်ရွာ တည်ကတည်းက ရွာသူ ရွာသားတွေက အဲဒီလယ်တွေကို အမှီပြုပြီးတော့ လုပ်စားနေကြရတာ။ ကျနော် တို့ကတော့ အတတ်နိုင်ဆုံးတော့ လျော်ကြေးရအောင် ကျနော်တို့ လွတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရ အဖွဲ့တွေ ညှိပေးနေတယ်။ သူတို့ကလည်း မြေကတော့ ပြန်မယူ ချင်တော့ဘူးပေါ့။ လျော်ကြေးလေးပဲ တတ်နိုင် သလောက်ပဲ၊ ၁ ဧက ဥပမာ ၁၀ သိန်းဆိုလည်း ၁၀ သိန်းပေါ့ဗျာ။ ရနိုင်ရင် ပိုကောင်းတာပေါ့ဆိုပြီး ရွာသားတွေက တော့ ပြောတယ်” ဟုလည်း ၎င်းက ပြောပြသည်။

UWSA ၏ ၁၇၁ စစ်ဒေသမှ သိမ်းယူ ထားသည်ဟု ဆိုသော မြေဧက ၆၀ ကျော်သည် ဟွေအော် ကျေးရွာ၏ အနောက် ဘက်တွင် တည်ရှိကြောင်း၊ ဒေသခံ တောင်သူများထံတွင် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များ ရှိသကဲ့သို့ အစိုးရ သို့ ဆောင်ထားသော အခွန် စာရွက်စာတမ်းများလည်း ရှိသည်ကို တွေ့ရကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစန်းဝင်းအောင်က ပြောသည်။

UWSA ၏ ၁၇၁ စစ်ဒေသမှ ဆက်ဆံရေးမှူး ဦးဆမ်လော့က ၂၀၀၃ ခု နောက်ပိုင်း ပေါ်လာသည့် မြေကွက်များကို ဘယ်ဌာန၊ ဘယ်သူက ပေးသည်လည်း အပေါ် ဖြေရှင်းရန် အဆင်သင့် ရှိကြောင်း၊ မိမိတို့အနေဖြင့် မြေသိမ်းခဲ့သည် မှန်လျှင် လျော်ကြေးပေးရန်လည်း ဝန်မလေးကြောင်း ပြောဆိုသည်။

လွှတ်တော် ကိုယ်စားလှယ် ဦးစန်းဝင်းအောင်က “ဟွေအော်ကျေးရွာရဲ့ အနောက်ဘက်ပေါ့။ ကွင်းအမှတ်တွေ ဘာတွေ တော့ မရှိဘူး။ မေ ၆ ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရယ်၊ ကျနော်ရယ် အစိုးရအဖွဲ့ ဝန်ကြီး လယ်/ဆည် ဝန်ကြီးနဲ့ ပြည်နယ်ညွန်မှူးတို့ ဆင်းလာတာနဲ့ အဲဒီရွာသားတွေကို ကျနော်တို့ တွေ့ပြီးတော့ ညှိပေး လိုက် တယ်။ ညှိပေးလိုက်တော့ သူတို့က အလျော် ရချင်တယ်ပေါ့။ အဲဒီ အတွက်ကို ကျနော်တို့ ရှမ်းပြည် နယ် အစိုးရအဖွဲ့ကို တင်ထား တယ်။ သူတို့ကနေပြီးတော့ ဒီကိစ္စ လက်နက်ကိုင်အဖွဲ့ ကိစ္စဖြစ်တော့ နယ်လုံနဲ့ပဲ ညှိပေးမယ် ထင်တယ်”ဟု လည်း ပြောသည်။

၁၇၁ စစ်ဒေသ ဆက်ဆံရေးမှူး ဦးဆမ်လော့ကမူ စာရွက် စာတမ်းနှင့် အထောက်အထားများ ပြနိုင်ပါက မိမိတို့ အနေ ဖြင့် ဖြေရှင်းပေးရန် အဆင်သင့်ရှိကြောင်း၊ မိတ္ထူအတုများဖြင့် တိုင်ကြားနေမှုများ ရှိသည့်အတွက် စရဖ နှင့် ၃၊ ၄ ခါ ရှင်းပြီး ဖြစ်သကဲ့သို့ အထွေထွေ အုပ်ချုပ်ရေးမှူးများဖြင့်လည်း ရှင်းထားရကြောင်း ပြောဆိုသည်။

“သူတို့ရဲ့ စာရွက် စာတမ်း အထောက်အထားပြရမယ်။ နောက်ပိုင်းမှ ပေါ်လာတယ် မိတ္ထူအဟောင်းတွေနဲ့ အများအား ဖြင့် စစ်မှုထမ်းဟောင်းတွေ လုပ်တာ။ စစ်တပ်က ထိုးနှက်တဲ့ဟာတွေလည်း ရှိတယ်။ အဲဒါတွေ ရှင်းဖို့ဆိုရင် ကျနော်တို့ လုံးဝ အဆင်သင့်ပါ။ အာမခံပါတယ်။ ပုံမှန်ရှိတာ ပုံပါကျင်ပဲရှိတယ်။ အဲဒီနားမှာ ဘာကျေးရွာ ဘာမှ မရှိဘူး။ အရင် တုန်း က စစ်ပွဲပဲ ရှိတာ။ အရင်တုန်းက စစ်တပ်တောင် အဲဒီမှာ မသွားရဲဘူး။ နောက်ပိုင်း ဝကို အပ်တာပေါ့။ ဝ ဝင်ယူတဲ့ နောက်ပိုင်းကျတော့ သူ့မြေကွက်တွေ ပြန်ပေါ်လာတဲ့ဟာတွေ အများကြီး ရှိတယ်။ ရှုပ်ထွေးမှုတော့ ရှိတာပေါ့”ဟု လည်း ၎င်းက ပြောသည်။

ယခု ဟွေအော်(ဟွေအော့)ကျေးရွာမှာ မြေဧက ၆၀ ကျော် သိမ်းထားသည်ဟု ဒေသခံများက ပြောဆိုနေသော UWSA ၏ ၁၇၁ တပ်ဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် ထိုင်း-မြန်မာ နယ်စပ် တကြော တည်ရှိပြီး မိုင်းတုံမြို့ အပါ အဝင် ပုံပါကျင်မြို့နယ် အတွင်းတွင်လည်း အခြေစိုက် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

UWSA သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားပြီးနောက် ထူထောင်လာသော ဝ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ထို ၁၉၈၉ ခုနှစ်တွင် တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ကာ ယနေ့ အချိန်ထိ ဖြစ်သည်။

လက်ရှိတွင်လည်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များကို UWSA နှင့် အစိုးရ ကြား ချုပ်ဆိုထားပြီး ဒေသ ဖွံ့ဖြိုးရေး အပါအဝင် ပစ်ခတ်မှုများ မဖြစ်ပေါ်လာရေး နှစ်ဖက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading