မြန်မာနိုင်ငံသည် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် တည်ဆောက်နေချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့် မည်သည့် ကိစ္စရပ်မျိုးကိုမဆို အထူးဂရုစိုက်ရန် လိုအပ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အမျိုးသား လုံခြုံရေး ရှု့ထောင်မှ ချည်းကပ် သုံးသပ်ပေးကြရန် မေလ ၁၈ ရက် သောကြာနေ့ က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။
နိုင်ငံတော် သမ္မတထံမှ ပေးပို့လာသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ အလုပ်ဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂၀၅ ကို မှတ်တမ်း တင်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ်များက အထက်ပါအတိုင်း သဘောထားပေးခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး လှနိုင်က ILO တိုက်တွန်းချက်တွင် ပဋိပက္ခအပြီး နိုင်ငံတော်အတွင်း တရားမဝင် လက်နက်ကိုင်ဆောင်ထားသည့် တပ်ဖွဲ့များ ဖျက်သိမ်းခြင်းနှင့် တပ်အင်အားများ လျော့ချခြင်းများ ပါဝင်ကြောင်း လွှတ်တော်တွင် ဆွေးနွေးသည်။
“မိမိတို့ နိုင်ငံအနေနဲ့ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်မှာ အခုလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်တဲ့ မည်သည့် ကိစ္စရပ်ကိုမဆို အထူးဂရုစိုက်ရန် လိုအပ်ပြီး အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ထောက်ပြလိုပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် တိုက်တန်းချက် ၂၀၅ ပါ ကိစ္စရပ်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် DDR ကိစ္စရပ်များ ဆောင်ရွက်ပြီးမှသာ စဉ်းစားရ မည့် အချက်ဖြစ်ကြောင်းလည်း ပြောပြီး ၎င်းတို့၏ ဆွေးနွေးချက်များကို ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင် ထားရှိပေးရန် ဒုတိယ ဗိုလ်မှူးကြီး လှနိုင်က တောင်းဆိုခဲ့သည်။
ILO တိုက်တွန်းချက် ၂၀၅ တွင် ပဋိပက္ခကြောင့် စွန့်ခွာရသူများ ကိစ္စ၊ စီးပွားရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ၊ အလုပ်ရှင်၊ အလုပ်သမား ဆိုင်ရာ ကိစ္စများ၊ အခွင့်အရေး တန်းတူရေးနှင့် ခွဲခြားဆက်ဆံခံရမှု မရှိစေရေး ကိစ္စရပ်များ၊ သတင်းအချက်အလက်ဆိုင်ရာ ကိစ္စရပ် များနှင့် ဘေးအန္တရာယ် အမျိုးမျိုးဆိုင်ရာ ကိစ္စရပ်များအထိပါ ပါဝင်နေသဖြင့် ဘောင်ကျယ်လွန်းကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက ဆွေးနွေးသည်။
“လက်ရှိနိုင်ငံတော်မှာ ဆောင်ရွက်နေဆဲ ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုံးဝ မထိခိုက်ဖို့ Social Justice (လူမှု တရားမျှတမှု) ဆိုတဲ့ wording (စကားလုံး)အောက်မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကို ရောရောထွေးထွေးနဲ့ အထိအခိုက် မခံစေဖို့ အထူး သတိပြု ဆင်ခြင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးလိုပါတယ်”ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဗိုလ်မှူးကြီး မြင့်ဟန်က ပြောသည်။
တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပိုင်နက်ကို ကာကွယ်ရန် တာဝန်ရှိရုံသာမက ဒို့တာဝန် အရေး ၃ ပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အတူ ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်ပါ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
မည်သည့်ဖြစ်ရပ်နှင့် မည်သည့်နိုင်ငံကြီးများဟု အတိအကျ ရည်ညွှန်းခြင်း မရှိဘဲ ဒုတိယ ဗိုလ်မှူးကြီး မြင့်ဟန်က “အခု ရက်ပိုင်းအတွင်းမှာ အင်အားကြီးမားသူတို့ရဲ့ ထင်တိုင်းကြဲ လုပ်ရပ်တွေကို ကမ္ဘာ့မီဒီယာများမှာ ထင်ထင်ရှားရှား တွေ့နေကြရပါတယ်။ ဒါကြောင့် နိုင်ငံတကာ စံနှုန်းတွေကြားမှာ မိမိတို့ရဲ့ အမျိုးသားရေး စံနှုန်းနဲ့ အပ်စပ်စွာ ပုံဖော်လုပ်ဆောင်နိုင်မှ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
အခြား လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်ထွန်းကလည်း ILO အကြံပြုချက် အပိုဒ် ၇ (ဇ)တွင် ဒေသတွင်း ပြောင်းရွေ့ခံရသူများ၊ ဒုက္ခသည်များနှင့် အတင်းအကြပ် နယ်စပ်အား ဖြတ်ကျော်စေလျက် ရွေ့ပြောင်းခံရသူများအား ကန့် သတ်ခြင်း မပြုဘဲ ၎င်းတို့အပါအဝင် အကြပ်အတည်းဖြစ်မှုကြောင့် ရပ်တည်ရန် ခက်ခဲသူများနှင့် အုပ်စုများအား အထူးဂရုစိုက်ရန် လိုအပ်ခြင်းဟု ဖော်ပြထားရာ ယင်းတိုက်တွန်းချက်ကို အလေးထား စိစစ်လုပ်ဆောင်သင့်ကြောင်း အကြံပြုသည်။
“အတင်းအကြပ် နယ်စပ်ဒေသ ဖြတ်ကျော်စေလျက် ရွေ့ပြောင်းခံရသူများ ဝင်ရောက်မှုကို ကန့်သတ်ထားခြင်း မပြုဘဲ ခွင့်ပြုခဲ့ပါက နိုင်ငံတော် လုံခြုံရေးနဲ့ ပြည်သူများရဲ့ လူမှုဘဝ လုံခြုံရေးကို ထိခိုက်စေမှာ ဖြစ်တယ်ဆိုတာ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်ပါက တွေ့ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ယခု သမ္မတက ပေးပို့လာသည့် ILO အကြံပြုချက်သည် လုံးဝ လိုက်နာရမည်ပုံစံ ဥပဒေဖြင့် စည်းနှောင်ထားခြင်း မဟုတ်ဘဲ လွတ်လပ်ပြီး လှုပ်ရှားသာသော အခြေအနေမျိုး ဖြစ်ကြောင်း၊ ယခုလို နိုင်ငံသည် နိုင်ငံတကာ ဖိအားပေးမှု များစွာ ခံနေရချိန်တွင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာ အစိုးရ၏ ရပ်တည်မှုမှာ အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဝင် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
“နိုင်ငံတကာရဲ့ ဖိအားကို ရုန်းထွက်ချင်ရင် တကယ် သံခင်း၊ တမန်ခင်းအရ နိုင်ငံတကာနဲ့ ဆက်ဆံရင် တင့်တယ်ပြီး ဂုဏ်သရေရှိတဲ့ နိုင်ငံ တနိုင်ငံအဖြစ် ဆက်ဆံရမယ်။ အရမ်းကို မဟာဗျူဟာမြောက် အလုပ်လုပ်တတ်ဖု့ိ လိုပါတယ်။ ဒီနေ့လို Recommendation 205 ဆို တာလည်း အင်မတန်မှ ထောင်ချောက်ကြီး ဆင်ထားတယ် အင်မတန်မှ လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းတယ် လို့ တော့ မသုံးသပ်မိပါဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် မြန်မာလွှတ်တော်အား နိုင်ငံတကာမှ အာရုံစိုက်မှု ရှိနေချိန် လွှတ်တော်တွင်း ဆွေးနွေးချက်များနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများက နေ့စဉ် ဘာသာပြန် သုံးသပ်မှုများ ရှိနေရာ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များသည် “ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းဆွဲသာ” မယုတ်မလွန်နှင့် အကျိုး အမြတ်ရှိသည့် ဆွေးနွေးချက်မျိုး ဖြစ်လာမည် ဆိုပါက ယနေ့ ရင်ဆိုင်နေရသည့် နိုင်ငံတ ကာ ဖိအားများ၊ တောင်းဆိုချက်များအပေါ် ပိုမို ကျော်လွှားနိုင်လိမ့်မည် ဖြစ်ကြောင်း ဒေါ်ပြုံကေသီနိုင်က ပြောသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်က “ILO အကြံပြုချက်တွေက Scope က တအားကျယ်တယ်။ အဲ့ဒါကို ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးရှုထောင့်က ကြည့်မှ သွားကိုက်မယ်။ အဓိက ဆွေးနွေးတာ အဲဒါပါ”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေကလည်း ယခု တိုက်တွန်းချက်များသည် လုံးဝ လိုက်နာရမည့် သဘောမဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် သဘောထားပေးခဲ့ပြီး ဖြစ်သည်။