မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်က လူထုဘဏ္ဍာများကို ခိုးယူခဲ့ခြင်းမရှိကြောင်း၊ နိုင်ငံရေးအရ ထိုးနှက်ခံရခြင်းသာဖြစ်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။
သူဦးဆောင်ခဲ့သည့် ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် – UMNO ပါတီ၏ Pekan ရုံးခွဲတွင် ပြုလုပ်သည့် ပါတီဝင်များနှင့် တွေ့ဆုံရာ၌ နာဂျစ်က “ကျနော်ဟာ သူခိုးတယောက်မဟုတ်ဘူးဆိုတာ Pekan က လူတွေသိပါတယ်၊ ၄၂နှစ် လုံးလုံး လူထုကို အလုပ်အကျွေး ပြုခဲ့တယ်၊ ကျနော်ခိုးဝှက်တာ မလုပ်ခဲ့ပါဘူး” လို့ ဆိုခဲ့ခြင်းဖြစ်သည်။
“အခုတော့ ကျနော်မှာ ပြစ်မှတ်ဖြစ်နေရပြီ၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီခေါင်းဆောင်တ ယောက်၊ တိုင်းပြည်ရဲ့ ဝန်ကြီးချုပ် တယောက်ဖြစ်ခဲ့လိုပဲ၊ တကယ်လို့ ကျနော်ရဲ့ ပုံရိပ်ကျရင် UMNO ပါတီရဲ့ ပုံရိပ်လည်း ကျမှာပဲ၊ ဒါဟာ နိုင်ငံရေးရဲ့ မဟာဗျူဟာပါပဲ”ဟုလည်း နာဂျစ်က ဖြည့်စွက် ပြောခဲ့သည်။
သူ့အနေဖြင့် လူထုရဲ့ ရွေးချယ်မှုကို လေးစားကြောင်း၊ ရှုံးနိမ်မှုကို လက်ခံကြောင်း၊ UMNO ပါတီကို ဆက်လက်ထောက် ခံသွားမှာ ဖြစ်ကြောင်း၊ လူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း၊ မိမိတို့၏ ရိုးသားမှုကို လူထုအား ပြရမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် မေလ ၉ရက်နေ့ ရွေးကောက်ပွဲတွင် နာဂျစ်သည် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာ မက် ဦးဆောင် သည့် Pakatan Harapan ခေါ် မျှော်လင့်ခြင်း မဟာမိတ်များ အဖွဲ့ကို ရှုံးနိမ့်ခဲ့ပြီး နောက် UMNO ပါတီ၏ ခေါင်းဆောင်အဖြစ်မှ လည်းကောင်း၊ အာဏာရ ညွှန်ပေါင်းအဖွဲ့ Barisan Nasional ခေါ် အမျိုးသားတပ်ဦး၏ သဘာပတိအဖြစ်မှလည်းကောင်း နှုတ်ထွက်ပေးခဲ့ရပြီးဖြစ်သည်။
နာဂျစ်နှင့် အပေါင်းအပါများမှာ အာဏာရရှိစဉ် နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ(1MDB)မှ အမေရိကန် ဒေါ်လာ ၄.၅ ဘီလျံ ကို အပျောက်ရိုက် ခိုးယူထားကြောင်း စွပ်စွဲခံထားရပြီး၊ မကြာမီ ရက်ပိုင်းက နာဂျစ် ပိုင်ဆိုင်သည့် တိုက်ခန်းများမှနေ၍ ငွေ၊ လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများ ထည့်ထားသည့် ခရီးဆောင်သေတ္တာ ၇၂ လုံးနှင့် တန်ဖိုးကြီး လက်ကိုင်အိတ် ၂၈၄ အိတ်ကို မလေးရှားရဲ့ သိမ်းဆည်း ထားပြီးဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး နောက်ရက်တွင် ပြည်ပသို့ အပန်းဖြေခရီးထွက်မည် ဆိုသည့် နာဂျစ်ကို နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး၊ နာမည်ပျက်စာရင်းလည်း ထည့်သွင်းလိုက်သည်။
နာဂျစ်သည် အာဏာရစဉ် မြန်မာပြည်မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို အကြောင်းပြ ကာ နိုင်ငံရေးတက်လမ်းအတွက် ခုတုံးလုပ်ခဲ့သူလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – ဝန်ကြီးချုပ်ဟောင်းနာဂျစ် ပိုင်ဆိုင်သည့် ငွေနှင့် အဖိုးတန်ပစ္စည်းများ မလေးရှားရဲ သိမ်း
ဝန်ကြီးချုပ်ဟောင်း နာဂျစ် အိမ်အဝင်အထွက် ရဲ ပိတ်ဆို့ထားလိုက်ပြီ
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နာမည်ပျက်စာရင်းသွင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီ