မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(AA) တို့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် အမှတ် ၆၃ နှင့် ၆၄ အကြားတွင် မနေ့က တိုက်ပွဲ ဖြစ်ပွားရာ နှစ်ဘက် အကျအဆုံး ရှိကြောင်း သတင်း ရရှိသည်။
ရက္ခိုင့်တပ်မတော် ( AA ) သတင်း ပြန်ကြားရေး ဌာနက မေလ၂၀ ရက် ညနေပိုင်းက ထုတ်ပြန် ချက်အရ စစ်ဆင်ရေး ကွပ် ကဲမှု စစ်ဌာနချုပ် (စကခ) ၁၅ လက်အောက်ခံ ဘူးသီးတောင် အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၉ဦးကျဆုံးပြီး၊ AA ဘက်မှ တဦးကျဆုံးကြောင်း သိရသည်။
ရက္ခိုင့် တပ်မတော် (AA) ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “သူတို့ ခလရ ၂၆၃ တပ်ရင်းက ကျနော်တို့ ရှိတဲ့နေရာကို နယ်မြေစိုးမိုးရေး ခေါင်းစဉ်တပ်ပြီးတော့ ထိုးဖောက် ဝင်ရောက်လာတော့ ထိတွေ့ပြီး တိုက်ပွဲ ဖြစ်တာပါ။ သူတို့ ဘက်က အင်အား ထပ်ဖြည့်နေတာတွေ ရှိတယ်။ ထပ်ပြီးတော့ နယ်မြေ ရှင်းလင်းရေးတွေ လုပ်လာရင်တော့ ကျ နော်တို့ တပ်ဖွဲ့ တွေနဲ့ ထပ်ပြီးတော့ ဖြစ်လာနိုင်ခြေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုတိုက်ပွဲ၌ မြန်မာ့ တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပြီး စစ်လက်နက် ခဲယမ်းများကို လည်း သိမ်း ဆည်းရမိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ် စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ဘူသီးတောင် မဲဆန္ဒနယ်အမှတ်( ၂ )မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကတော့ တိုက်ပွဲ ဖြစ်ပွား သည့် နေရာမှာ နယ်စပ်ဒေသတွင် ဖြစ်သည့်အတွက် အခြေအနေ သတင်းအချက်အလက်များကို မသိရှိကြောင်း ပြော သည်။
“တိုက်ပွဲဖြစ်တာက နယ်စပ်က တောထဲမှာ ဆိုတော့ သတင်း အချက်အလက်ကို မသိဘူး ။ ကျနော်တို့ လည်း တိုက်ပွဲဖြစ် တယ် ဆိုတာ facebook ကသတင်းလောက်ပဲ ရတယ်။ ဒါပေမဲ့ စစ်ပွဲဖြစ်တယ် ဆိုရင် ဒေသခံ တွေကတော့ ဒုက္ခရောက် တော့မယ်။ အသက် အိုးအိမ် စည်းစိမ် ပျက်သုဉ်းရတော့မယ်။ ကျနော်တို့ ပြောချင်တာကတော့ တိုက်ပွဲဖြစ်တာထက် တွေ့ဆုံ ဆွးနွေးပွဲ လုပ်တာက အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၈ ခုနှစ် မေလအတွင်း AAနှင့် မြန်မာ့တပ်မတော်တို့ ချင်းပြည်နယ် အထက်ပိုင်း မြန်မာ- အိန္ဒိယ နယ်စပ်၌ မေလ ၃ ရက်၊ ၉ ရက်၊ ၁၄ ရက်နှင့် ၁၈ ရက်နေ့များတွင် တိုက်ပွဲကြီး တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်းလည်း AA၏ ထုတ်ပြန်ချက် များအရသိရသည်။
ယခု တိုက်ပွဲဖြစ်ပွားသည့် ဧရိယာအတွင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း မြန်မာတပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
၂၀၁၅ ခုနှစ် မတ်မှ စတင်၍ AA နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ရာ ကျောက်တော် မြို့နယ်အတွင်း ပီချောင်းတိုက်ပွဲ ၊ ရမ်းချောင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင် ခဲ့ရသည်။
အစိုးရသစ် လက်ထက် ၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် လောရမ တောင်တန်းနှင့် ယင်းမြို့ နယ်နှင့် ကျောက်တော်မြို့နယ်ထိစပ်နေသည့် နတ်သရွေးတောင်ကြောတို့၌ တကျော့ပြန် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ မြန်မာ့ တပ်မတော်ဘက်မှ ယာယီတပ်ရင်းမှူး တဦးအပါအဝင် အရာရှိ စစ်သည်တချို့ ကျဆုံးခဲ့သည်။
ထိုတိုက်ပွဲကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် စသည့်မြို့နယ်များအတွင်းသို့ ဒေသခံ ၁၇၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။