အနောက်တောင် မုတ်သုံလေ ဝင်ရောက်ချိန်တွင် နေ့အပူချိန် မြင့်မားခြင်း၊ လေထု မငြိမ်မသက် ဖြစ်ခြင်းတို့ကြောင့် မိုးကြိုး နှင့် လေပြင်း အန္တရာယ်များကို သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ ဦးကျော်မိုးဦး က ပြောသည်။
“အနောက်တောင် မုတ်သုံလေက မေ၂၃၊ ၂၄ ရက်လောက်ဆိုရင် တောင်ပိုင်းကိုတော့ ဝင်နိုင်တယ်။ နောက် ၁ ရက် ၂ ရက် လောက်ခြားပြီးတော့ မြစ်ဝကျွန်းပေါ်ကို ဝင်နိုင်တယ်။ မုတ်သုံဝင်တဲ့ ကာလတွေမှာ အဓိကကတော့ လေထု မငြိမ် မသက် ဖြစ်ပြီးတော့မှ မိုးရွာသွန်းမှု ဖြစ်စဉ်တွေနဲ့ မိုးကြိုးပစ်တယ် လျှပ်စီးလက်တယ်။ တခါတလေကျရင် လေပြင်း တိုက် တဲ့ ဖြစ်စဉ်တွေ ဖြစ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ သတိပြုဖို့ လိုတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ အရပ်ရပ်၌ မုတ်သုံအဝင် ကာလ အတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက် တိမ်များ ဖြစ် ထွန်း ၍ မွန်းလွဲပိုင်း၊ ညနေပိုင်း တို့၌ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း လေထု မငြိမ်မသက် ဖြစ်ပေါ်ခြင်း တို့ကြောင့် လေပြင်း များ တိုက်ခတ်ခြင်း၊ လေပြင်းနှင့် အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ သိရသည်။
ထိုသို့ လေပြင်းတိုက်ခတ်စဉ် မြေပြင်ရေပြင်လေမှာ တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ ဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်လည်း ထုတ်ပြန်ထားသည်။
နေပြည်တော်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး တို့၌ ယခု မေလ ၁၇ ရက်နှင့် ၁၈ ရက်တို့က လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အစိုးရ အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ ပြိုကျ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။
အနောက်တောင် မုတ်သုံလေသည် မေလ၂၁ ရက်နေ့မှ ၂၄ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မေလ ၂၅ ရက်မှ ၂၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း ဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း ခန့်မှန်းထားသည်။
၂၀၁၈ ခုနှစ် မေလ ၁၇ ရက်က ပဲခူးတိုင်း ဒေသကြီး အတွင်း ရွှေတောင်မြို့နယ်၊ ရွှေပန်းတော ကျေးရွာ အပါအဝင် ကျေးရွာ ၁၈ ရွာရှိ နေအိမ် ၂၃ လုံး ပြိုကျခြင်း နေအိမ် အလုံး၂၀၀ ၊ ဘုန်းကြီးကျောင်း ၈ ကျောင်းနှင့် စာသင်ကျောင်း ၃ ကျောင်းတို့ အမိုးလန်ကာ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် မိုးညိုမြို့နယ် တောင်ဇင်း ကျေးရွာတွင် စာသင်ကျောင်း ၁ ကျောင်း၊ အုတ်တွင်းမြို့နယ် တောင်တန်းကျေးရွာပါ ကျေးရွာ၊ ရပ်ကွက် ၄ ခုတို့တွင် နေအိမ် ၁၅ လုံး၊ အားကစားကွင်း ပွဲကြည့်စင် ၁ စင် အမိုးလန် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်များ အပြင် ဝေါမြို့နယ် ထိန်တပင်ရွာသစ် ကျေးရွာနေ ဦးအောင်ဇော်(၄၀)နှစ် သည် သားဖြစ်သူ မင်းဇာဦး (၂၀) နှစ်နှင့် အတူ ထိန်တပင် ရွာသစ်ကျေးရွာ အနီးရှိ ၎င်းတို့ပိုင်လယ်ကွင်း အတွင်း၌ ထွန်စက်နှင့် လယ်ထွန်နေစဉ် မိုးကြိုးပစ်ခံရ၍ မင်းဇာဦးမှာ အရေပြားများ မီးလောင်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ကာ ယင်းဒဏ်ရာနှင့်ပင် သေဆုံးသွားခဲ့ ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။