ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်လာနေချိန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းသည် သမ္မတထံ နုတ်ထွက်စာတင်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
သို့ရာတွင် ရန်ကုန်မြို့ရှိ ဦးကျော်ဝင်း နေအိမ်သို့ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ဝင်ရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ ဧရာဝတီက သဘောထား တောင်းခံခဲ့ရာ အတည်လည်း မပြုသလို ငြင်းဆိုခြင်းလည်း မရှိခဲ့ပါ။
ထို့ပြင် ဦးကျော်ဝင်း နုတ်ထွက်စာ တင် မတင် သမ္မတရုံး သို့ စုံစမ်းမေးမြန်းရာ ပြောခွင့်ရသူ ဦးဇော်ဌေးက “ကျနော်တို့က အဲလို ကိစ္စတွေ ပြောလေ့ပြောထ မရှိဘူး။ ပြောမှာလည်း မဟုတ်ဘူး”ဟု ဆိုသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်း၏ သတင်းထောက်များကို ပြောဆိုချက်အရ ဦးကျော်ဝင်းမှာ နေပြည်တော် ရှိ ၎င်း၏ ဝန်ကြီးရုံးသို့ ပုံမှန်အတိုင်း ရုံးတက်နေဆဲဖြစ်ကြောင်း သိရသည်။
NLD ပါတီမှ သတင်းရင်းမြစ်တချို့ကမူ ဦးကျော်ဝင်း နုတ်ထွက်စာ တင်ထားသည်ဟု သိရှိထားကြောင်း၊ ၎င်း၏ နေရာတွင် NLD ဗဟို စီးပွားရေး ကော်မတီဝင် ဦးမျိုးမြင့်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“စီးပွားရေး ပညာရှင် အသိုင်းအဝိုင်းရော၊ NLD အသိုင်းအဝိုင်းကရော ဦးမျိုးမြင့်ကို ဖြစ်စေချင်တယ်။ ဒီဝန်ကြီးဌာနမှာ အပြောင်းအလဲ ဖြစ်မယ်ဆိုရင် ဦးမျိုးမြင့်က အသင့်တော်ဆုံးပဲ။ သူကိုယ်တိုင်ကလည်း ဒီအဝန်းအဝိုင်းထဲကို တယောက်ထဲ ဝင်လုပ်ရင် တော်တော်ရုန်း ရမှာဆိုတော့ သူလုပ်ရမယ်ဆိုရင် ဝိုင်းကူနိုင်မယ့်သူမျိုးတွေကို လိုက်ချိတ်ဆက်ထားပြီ”ဟု ရန်ကုန်တိုင်းမှ NLD ကိုယ်စားလှယ်တဦးက ပြောသည်။
ဦးကျော်ဝင်းသည် ၎င်းဝန်ကြီးအဖြစ် စတင်တာဝန်ယူစဉ်က ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဒေါက်တာဟု ထည့်သွင်းဖော်ပြခဲ့ဖူးပြီး ယင်းဒေါက်တာဘွဲ့ အွန်လိုင်းမှ ရယူခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဖော်ထုတ်ဝေဖန်ခံရအပြီး ရှက်မိကြောင်း ဝန်ခံခဲ့ဖူးသည်။
ထို့ပြင် ၂၀၁၇ ခုနှစ် ဇွန်လတွင် ယခုနှစ်သည် မြန်မာပြည် စီးပွားရေးကို အရှိန်အဟုန်နှင့် တိုးတက်အောင် ဆောင်ရွက်တော့မည် ဖြစ်၍ မြန်မာ့ စီးပွားရေးသည် ကမ္ဘာမြေကြီး၏ ဆွဲငင်အားကို တွန်းကန်ပြီး ဂျက်ပါဝါနှင့် လေထဲသို့ ပြေးမည့်နှစ်ဟု သတ်မှတ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အလုပ်မဖြစ်သည့်အခါ ဝေဖန်မှုများ ခံခဲ့ရသည်။
ထိုသို့ ဦးကျော်ဝင်း၏ နုတ်ထွက်စာ တင် မတင်၊ ရန်ကုန်အိမ်ကို အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ဝင် မဝင်၊ အဂတိလိုက်စားမှု တိုက်ဖျက်မှုများနှင့် ပတ်သက်ဆက်စပ်မှု ရှိ မရှိ တရားဝင် အတည်ပြုပြောဆိုမှုများ မရရှိနိုင်သော်လည်း အများပြည်သူကမူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကတိပေးထားသော “ငါးကြီး” နောက်တကောင် ဖမ်းမိပြန်ပြီလောဟု စိတ်ဝင်တစား ဖြစ်နေကြသည်။
နေပြည်တော်တွင် သမ္မတ အပြောင်းအလဲ ဖြစ်ပြီး သမ္မတသစ် ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်မြှင့်လာခဲ့သည်။ ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အဂတိလိုက်စားမှုနှင့် ပတ်သက်လာပါက ခွင့်လွှတ်မည် မဟုတ်ဘဲ ထောင်ဝင်စာတွေ့မည် ဆိုသည်အထိ ပြောဆိုပြီး ဖြစ်သည်။