ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးကြိုးများ လဲလှယ်ရန် ၂၃ မြို့နယ်၂ ရက် မီးဖြတ်မည်
လျှပ်စစ်မီး မကြာခဏ မပြတ်စေရေး နှင့် မိုးဦးကာလ လျှပ်စစ် အန္တရာယ် ကင်းရှင်းရန် ဓာတ်အားလိုင်းကြိုး အသစ်များ လဲ လှယ်ခြင်းတို့ ဆောင်ရွက်မည် ဖြစ်သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်၂၃ မြို့နယ်တွင် လျှပ်စစ်မီး ၂ ရက် ပြတ် တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အား ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားသည်။
အဆိုပါ ၂၃ မြို့နယ်သည် မေလ ၂၂ ရက်နှင့် ၂၅ ရက် မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ အချိန်အတွင်း ပြတ်တောက် မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ခင်သပြေနု က ဧရာဝတီသို့ ပြောသည်။
“၉ နာရီနဲ့ ၁၂ နာရီကို အချိန်ပြည့်ကြီးတော့ ပြတ်မှာမဟုတ်ဘူး။ တောက်လျှောက် မဟုတ်ဘဲနဲ့ လုပ်ငန်းလုပ်တဲ့ ဧရိယာမှာ ရှိတဲ့ ဓာတ်အားလိုင်းတွေ မလွတ်တဲ့အခါမှာ ခဏပိတ်ရတယ်၊ ပိတ်တဲ့ အချိန်လေးတွေ ပြတ်မယ်။ တမြို့နယ်နဲ့ တမြို့နယ် လည်း လုပ်ငန်း အနေအထား အပေါ် မူတည်ပြီးတော့ မတူဘူးပေါ့”ဟု ၎င်းက ပြောပြသည်။
လုပ်ငန်း ဆောင်ရွက်နေစဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည် သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဆိပ်ကြီး ခနောင်တို၊ ထန်းတပင်၊ ရန်ကင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်၊ စမ်းချောင်း၊ လသာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒဂုံ ဆိပ်ကမ်းမြို့ နယ်များတွင် အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှု ရှိနိုင်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ၌ 66KV/33KV ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ ထိန်သိမ်းပြုပြင်ခြင်း လုပ်ငန်းများ၊ မိုးဦးကာလ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး အတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေး အတွက် ဟောင်းနွမ်းပြီး ဝန်အား မနိုင်တော့သော 11KV ဓာတ်အား လိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်ကြောင်း YESC က ပြောသည်။
လျှပ်စစ်မီး မကြာခဏ မပြတ်စေရန်နှင့် လျှပ်စစ်အန္တရာယ် သက်သာစေရန်၊ ခိုးယူသုံးစွဲမှု လျော့နည်းစေရန် တို့အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်ကာပါသော ဓာတ်အားလိုင်းများ လဲလှယ်ခြင်း လုပ်ငန်းကို ကျပ် ၆ ဘီလီယံ ခန့် အကုန်အကျခံ ဆောင်ရွက်နေကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးသန့်ဇင် က ဧရာဝတီသို့ ပြောသည်။
ဦးသန့်ဇင်က“မြန်မာငွေ ၆ ဘီလီယံလောက် အကုန်အကျခံပြီး လုပ်ဖို့ရှိပါတယ်။ လိုင်းပြတ်ကျရင်လည်း လျှပ်ကာမပါတဲ့ ကြေးကြိုးထက်စာရင် အန္တရာယ်သက်သာတယ်။ ပြတ်ကျတဲ့ ထိပ်ကလေးမှာပဲ ဓာတ်အားရှိတာ ဆိုတော့လေ။ နောက်တ ချက်က ၄၀၀ ဗို့လိုင်းက လျှပ်ကာမပါရင် တိုက်ရိုက်ချိတ်ယူ သုံးစွဲတာတွေ ခိုးယူသုံးစွဲတာတွေ လုပ်လို့ရတယ်။ လျှပ်ကာပါ တော့ အဲဒါတွေလည်း လုပ်လို့ မရတော့ဘူး။ သူနဲ့ ပတ်သက်တာတွေတော့ အကုန်လဲရတာပေါ့”ဟုလည်း ပြောဆိုသည်။
လျှပ်ကာပါသည့် ဓာတ်အားလိုင်းကြိုးများ လဲလှယ် တပ်ဆင်ခြင်းကို မေလဆန်းကတည်းက စတင် လုပ်ကိုင်နေခြင်းဖြစ်ပြီး မေလကုန် အပြီး တပ်ဆင်နိုင်ရန် မျှော်မှန်းထားကြောင်း ဒေါ်ခင်သပြေနု က ပြောသည်။
ဆက်လက်ပြီး ၎င်းက “11KV ဓာတ်အားလိုင်းကြိုးတွေ ပြောင်းတာက မေလဆန်းကစပြီး လုပ်ငန်း စလုပ်နေတာပါ။ အကာ မပါတဲ့ အခါကျတော့ လေတိုက်ရင်ပဲ ဖြစ်ဖြစ် သစ်ပင်သစ်ကိုင်း ကျိုးကျရင်ပဲဖြစ်ဖြစ် လူနေရပ်ကွက်နဲ့ နီးတဲ့ နေရာတွေ ကျ တော့ လျှပ်စစ်အန္တရာယ် ရှိတာပေါ့။ ရန်ကုန်တိုင်း တတိုင်းလုံးမှာရှိတဲ့ လျှပ်ကာမပါတဲ့ ကြိုးတွေကို 11KV ဓာတ်အားလိုင်း ကြိုးတွေနဲ့ လဲမှာပါ”ဟုလည်း ပြောပြသည်။
မြန်မာတပြည်လုံး သန်းခေါင်စာရင်း အရ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်၌ လျှပ်စစ်မီး အသုံးပြုနေသည့် အိမ်ထောင် စုပေါင်း ၄ သန်းကျော် ရှိသည့် အနက် ရန်ကုန်မြို့သည် ၁ ဒသမ ၃ သန်းခန့် အသုံးပြုလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေး စီမံကိန်းများနှင့် ဦးစားပေး အစီအစဉ်အရ ရန်ကုန်မြို့၏ လျှပ်စစ်ကဏ္ဍသည် နံပါတ် ၁ ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားအရ လူဦးရေ ၅၃ သန်းခန့်ရှိသည့်အနက် လူဦးရေ ၆ သန်းခန့်သည် ရန်ကုန်တိုင်း ဒေ သကြီးအတွင်း နေထိုင်လျက်ရှိပြီး လက်ရှိ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၃၂၀၀ မဂ္ဂါဝပ်ကျော်ရှိသည့် အနက် ၁၃၆၀ မဂ္ဂါဝပ်ကို ရန်ကုန်တိုင်း ဒေသကြီးမှ သုံးစွဲလျက် ရှိကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် လျှပ်စစ်ဓာတ်အားကို ပြည်ထောင်စု အစိုးရထံမှ ၁ ယူနစ်လျှင် ၆၀ ကျပ် ဖြင့် ဝယ်ယူနေခြင်းဖြစ်ပြီး အများပြည်သူကို ၃၅ ကျပ်မှ ၅၀ ကျပ်နှုန်းထားဖြင့် လည်းကောင်း လုပ်ငန်းသုံး အတွက် ၁ ယူနစ်လျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်နှုန်းထားဖြင့် ပြန်လည်ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းအဖြစ်မှ အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်း အဖြစ်သို့ ပြောင်းလဲရန်၊ ဈေး ကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် ဆောင်ရွက်ရန်၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများတွင် တိုးချဲ့ရင်းနှီး မြှုပ်နှံ နိုင်ရေး ကို စီမံရန် စသည့် ရည်ရွယ်ချက်များအပြင် ပြည်ထောင်စု ရန်ပုံငွေပြင်ပတွင် မိမိဝင်ငွေဖြင့် ရပ်တည် ဆောင်ရွက် နိုင်ရေး အတွက် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ကြီးရုံးက အမိန့် ကြော်ငြာ စာ အမှတ်(၁၂၆/၂၀၁၅) ဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ (၁-၇-၂၀၁၅) ရက်နေ့တွင် စတင် ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။