ယာဉ်တိုက်မှုတခုကြောင့် ယာဉ်လိုင်းပိုင်ရှင် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ ထိုးကြိတ်ကန်ကျောက် ခံရကာ အလုပ်ဖြုတ်ခံထားရသည့် OMNI FOCUS GENERAL SERVICES PUBLIC CO., LTD၊ YBS ၂၀ မှ ယာဉ်မောင်း ၂ ဦးကို အလုပ်ထုတ်ရာတွင် ပေးရမည့် နစ်နာကြေးများ ပေးရန် ကုမ္ပဏီဘက်မှ ငြင်းဆိုသဖြင့် ခုံသမာဓိရုံးသို့ ထပ်မံ တိုင်ကြားထားသည်ဟု သတင်းရရှိသည်။
ယာဉ်မောင်း ၂ ဦးဘက်မှ လိုက်လံကူညီပေးနေသည့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးမောင်မောင်ဟန်က “မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးမှာ ညှိတော့ လုပ်ခလစာပဲ ကုမ္ပဏီက ပေးမယ်။ ကျန်တာ မပေးဘူးဆိုတော့ မေလ ၁၇ ရက်မှာ ကျနော်က ခုံသမာဓိကို ဆက်တက်မယ်ဆိုပြီး တက်ပါတယ်။ ဒါက ဝန်ထမ်းရဲ့ တရားဝင်ရပိုင်ခွင့် အခွင့်အရေးတွေ ဖြစ်တဲ့အတွက် ခုံသမာဓိကို တင်ထားတယ်။ ခုံသမာဓိက အဆင်မပြေဘူးဆိုရင် ခုံကောင်စီကို တက်မှာပါ။ အဆုံးထိ ဆက်တက်မှာပါ”ဟု ပြောသည်။
အလုပ်ထုတ်ရာတွင် အလုပ်ထုတ်မည်ဟု ကြိုတင်အကြောင်း ကြားသည့် Notice စာကြေး၊ ဧပြီလ တလလုံး အလုပ်လုပ်ထားသဖြင့် လုပ်ခလစာ၊ ဧပြီလအတွင်း အစိုးရမှ တရားဝင်ပိတ် ထားသည့် နှစ်ဆန်းတရက်နေ့ အတွက် ဖြတ်တောက်ထားသည့် ငွေကြေးနှင့် လုပ်သက်အရ အလုပ်ထုတ် နစ်နာကြေးတို့ကို ပေးရန် ယာဉ်မောင်း နှစ်ဦးနှင့် ဦးမောင်မောင်ဟန်က လှိုင်သာယာမြို့နယ်၊ မြို့နယ်ညှိနှိုင်းရေးမှူးရုံးတွင် တိုင်ကြား ထားခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မောင်ဟန်က “ကိုကျော်မင်းထွန်းက လုပ်ခလစာ ကျန်ငွေ ၂ သိန်း ၈ သောင်း၊ နားရက်ဖြတ်ငွေ ၁ သောင်း၊ Notice ကြေး ၃ သိန်း၊ သူက လုပ်သက် ၆ လနဲ့ ၉ ရက်ရှိပြီဖြစ်လို့ ဥပဒေအရ အလုပ်ထုတ်နစ်နာကြေး တသိန်းခွဲ စုစုပေါင်း ၇သိန်း ၄ သောင်းကို ဥပဒေ အရ ရရပါမယ်”ဟု ပြောသည်။
အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် အမိန့်ကြေညာစာ အမှတ် (၈၄/၂၀၁၅) အရ အလုပ်မှ ရပ်စဲပါက အလုပ်ရှင်က အလုပ်သမားလုပ်ခဲ့သည့် လ ၏ လုပ်ခလစာအပြင် လုပ်သက် ၆လပြည့်ပါက နစ်နာကြေး လဝက်လစာပါ ထပ်မံ ပေးရမည် ဖြစ်သည်။
အလုပ်ရှင်မှ အလုပ်သမားကို အလုပ်မှ ရပ်စဲမည်ဆိုပါက ၁ လကြိုတင်ပြောရမည်ဖြစ်ပြီး ကြိုတင် မပြောပါက Notice ကြေး ၁ လစာ ပေးရမည် ဖြစ်သည်။
ယာဉ်မောင်း ဦးအောင်မြတ်မှာ လုပ်သက် ၄ လ သာ ရှိသဖြင့် အလုပ်ထုတ် နစ်နာကြေးကို ဥပဒေအရ မရရှိနိုင်ကြောင်း၊ သို့သော် လုပ်ခလစာငွေ ၂ သိန်း ၈ သောင်း ၊ နားရက်ဖြတ်ငွေ ၁ သောင်း နှင့် Notice ကြေး ၃သိန်း၊ စုစုပေါင်း ၅ သိန်း ၉သောင်း ကို ဥပဒေအရ ရရှိရမည်ဟု ဦးမောင်မောင်ဟန်က ဆိုသည်။
OMNI FOCUS YBS 20 ၏ သတင်းထုတ်ပြန်ချက်တွင် လုပ်ခလစာများကို ပေးမည်ဖြစ်သော်လည်း ကာယကံရှင်များဘက်မှ လက်မခံဘဲ ကုမ္ပဏီအနေဖြင့ ်ညှိနှိုင်း၍ မရနိုင်သေးသည့် အခြားအချက်များကို ထပ်မံ တောင်းဆိုလာသည်ဟု ရေးသားထားသည်။
ထို့ကြောင့် OMNI FOCUS GENERAL PUBLIC CO., LTD အနေဖြင့်လည်း ရန်ကုန်တိုင်း ဒေသကြီး ခုံသမာဓိအဖွဲ့ထံသာ ဆက်လက်တင်ပြ အဆုံးအဖြတ် ခံယူသွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ကြေငြာချက်တွင် ရေးသားထားသည်။
လက်ရှိတွင် ကုမ္ပဏီဘက်မှ လုပ်ခလစာများကို ပေးမည်ဟု ဆိုသော်လည်း ယနေ့ထိ လက်ခံရရှိထားခြင်း မရှိသေးကြောင်း ကာယကံရှင် ယာဉ်မောင်းများထံမှ သိရသည်။
YBS ၂၀ ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးအောင်မြတ်နှင့် ဦးကျော်မင်းထွန်းတို့မှာ ဧပြီလ ၂၈ ရက်က ကုမ္ပဏီဝင်းအတွင်း ဝပ်ရှော့မှ အပြန် ယာဉ်နှစ်စီး တိုက်မိပြီး မှန်ကွဲ ဆေးပွန်းကာ ယာဉ်အစိတ်အပိုင်းအချို့ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီ၏ မေလ ၁၅ ရက် သတင်းထုတ်ပြန်ချက်တွင် ယာဉ်တိုက်မှုကြောင့် ဦးအောင်မြတ် မောင်းနှင်သည့် ယာဉ်မှာ ဘယ်ခြမ်း OMNI FOCUS တံဆိပ်လေကာမှန်၊ နောက်မှန်နှင့် လေကာမှန် ၂ ချပ် ကွဲကြောင်း၊ ဘယ်ဘက်ရှေ့ဘီးမှ စ၍ နောက်ရေတိုင်ကီ တံခါးရှေ့ထိ ခြစ်ရာတခု၊ ဘယ်ဖောင်းမီးမဲ ကွဲကာ အခြားမှန်များ ပွန်းကြောင်း၊ ဦးကျော်မင်းထွန်း မောင်းနှင်သည့် ယာဉ်သည် ရှေ့လေကာမှန်ကွဲ၊ ညာဘက်မှန်ကိုင်း ကွေးသွားကာ ဘက်မှန်ကိုင်း ဖိမိသဖြင့် ရေဆင်းလိုင်နာ ချိုင့်သွားကြောင်း၊ ရှေ့ညာဘက်မီးကြီး အပေါ်အောက် ချိုင့်ကာ ညာမီးကြီး ပွန်းသွားကြောင်း ရေးသားထားသည်။
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ယာဉ်လိုင်းပိုင်ရှင်များဖြစ်သည့် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ ရောက်လာပြီး ယာဉ်မောင်း ၂ ဦးအနက် တဦးဖြစ်သည့် ဦးအောင်မြတ်ကို ဖိနပ်ဖြင့် ရင်ဘတ်ကို ကန်ခြင်း၊ လည်ပင်းညှစ်ခြင်း ၊ လက်နှစ်ဘက်ဖြင့် နားရင်း နှစ်ဖက်လုံးကို ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ရိုက်နှက်ခံရခြင်းကြောင့် ဦးအောင်မြတ်မှာ ရင်ဘတ်နေရာတွင် ယောင်ယမ်းနေပြီး ဆရာဝန်များက အရွတ်ယောင်သည်ဟု ဆိုထားကာ လှိုင်သာယာမြို့နယ်၊ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
ရိုက်နှက်ခဲ့သည့် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့က ယာဉ်မောင်း ၂ ဦးလုံးကို လုပ်ခလစာများ မပေးဘဲ ဖြတ်တောက်ကာ အလုပ်ထုတ်ရန် ကုမ္ပဏီတာဝန်ခံများကို ပြောဆိုခဲ့ပြီး ယာဉ်မောင်းလိုင်စင်များကိုလည်း သိမ်းဆည်းကာ ကုမ္ပဏီဘက်မှ မဆင်မခြင် ယာဉ်မောင်းနှင်မှု ပုဒ်မ ၂၉၇ ဖြင့်လည်း တရားစွဲဆိုထားသည်။
ရိုက်နှက်ခံထားရသည့် ယာဉ်မောင်း ဦးအောင်မြတ်က ကိုယ်ထိလက်ရောက် စော်ကားခြင်းကြောင့် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းကို အရေးယူပေးရန် လှိုင်သာယာမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားရာ တရားသူကြီးက ပုဒ်မ ၂၀၂ ဖြင့် အမှုဖွင့်ထားပြီး မေလ ၂၅ ရက်တွင် ပထမအကြိမ် ရုံးချိန်း ချိန်းဆိုထားသည်။
ပုဒ်မ ၂၀၂ သည် ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန် တာဝန်ရှိသူက သတင်းမပေး တမင်ပျက်ကွက်ခြင်း ဆိုင်ရာ ပုဒ်မဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက ထိုအမှုကို ပထမရုံးချိန်းမတိုင်မီ စုံစမ်းစစ်ဆေးပြီး တရားသူကြီးကို ပြန်လည် တင်ပြရမည် ဖြစ်သည်။
ရဲမှတ်တမ်းများအရ စစ်ဆေးတွေ့ရှိသည်ကို တရားသူကြီးထံ တင်ပြပြီး သက်ဆိုင်ရာ ပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ယာဉ်မောင်းများမှာ ဧပြီလ တလလုံး လုပ်ခလစာလည်း မရရှိထားသည့်အပြင် ၎င်းတို့ကို ယာဉ်မောင်း လိုင်စင်သိမ်းဆည်းပြီး တရားစွဲဆိုထားသဖြင့် မိသားစုစားဝတ်နေရေး မပြေမလည် ဖြစ်နေသည်ဟု သိရသည်။
ယာဉ်မောင်း ဦးအောင်မြတ်က ၎င်းတွင် မိသားစု ၄ ဦးရှိပြီး နေအိမ်အခန်းကို တလလျှင် ၆ သောင်းကျပ်ဖြင့် ငှားရမ်း နေထိုင်နေကြောင်း၊ လုပ်ခလစာ မရသဖြင့် အိမ်လခအပြင် စားဝတ်နေရေးပါ အခက်အခဲ ရှိနေကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
ထို့ပြင် ဦးအောင်မြတ်က ၎င်း ကန်ကြောက် ရိုက်နှက်ခံခဲ့ရသည့် အမှုအတွက်လည်း အမှန်တရား ဖြစ်စေချင်သည်ဟု ပြောသည်။
ဦးအောင်မြတ်က “ပြဿနာဖြစ်တော့ မိသားစုစားဝတ်နေရေး ခက်ခဲတယ်။ လိုင်စင်ရယ် လုပ်ခလစာရယ် ရမှ အဆင်ပြေမှာ”ဟုလည်း ပြောသည်။
ယာဉ်မောင်း ၂ ဦးကို မဆင်မခြင် ယာဉ်မောင်းနှင်မှုဖြင့် စွဲဆိုထားသည့် အမှုအတွက်လည်း ယာဉ်မောင်း ၂ ဦးက မေလ ၁၈ ရက်တွင် ပထမရုံးချိန်း သွားပြီးပြီဖြစ်ပြီး မေလ ၂၉ ရက်တွင် ဒုတိယအကြိမ် ရုံးချိန်း သွားကာ တရားရင်ဆိုင်ရမည်ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – “အလုပ်ရှင်က အလုပ်သမားတွေကို အနိုင်မကျင့်စေချင်ဘူး”