ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနေသည့် အမေရိကန်နှင့် တရုတ်အကြား စိုက်ပျိုးရေးနှင့် စွမ်းအင်ဆိုင်ရာ ထုတ်ကုန် ပြဿနာ ရပ်များကို ဆွေးနွေးရန် အမေရိကန်က တရုတ်သို့ ကိုယ်စားလှယ်တဖွဲ့ စေလွှတ်မည်ဟု China Daily သတင်းက ဆိုသည်။
အမေရိကန် ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ် ဒုဝန်ကြီးချုပ် လျှူဟဲနှင့် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စတီဗင် မြူချင်းတို့အကြား ၂ရက်ကြာ တွေ့ဆုံဆွေး နွေးပြီးနောက် အထက်ပါ ပူးတွဲကြေညာချက်ကို မေလ ၁၉ရက်နေ့က ထုတ်ပြန်ခြင်းဖြစ်သည်။
ပူးတွဲကြေညာချက်တွင် “အဓိပ္ပါယ်ပြည့်ဝသည့် အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးရေးနှင့်စွမ်းအင် တင်ပို့မှုတိုးမြှင့်ရေး ” ကို နှစ်ဖက်စလုံးက သဘောတူပြီး အသေးစိတ်ပြဿနာများကို ဆွေးနွေးရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ တဖွဲ့ကို တရုတ်နိုင်ငံသို့စေလွှတ်မည်ဟု ထိုကြေညာချက်ကဆိုသည်။
အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများသည် လွန်စွာအောင်မြင်၊ လွန်စွာအဓိပ္ပါယ်ပြည့်ဝပြီး လွန်စွာအကျိုးရှိသည်ဟု တရုတ်ပြည်သူ့နေ့စဉ် သတင်းစာကတွေ့ဆုံမေးမြန်းရာတွင် ဒုဝန်ကြီးချုပ် လျှူဟဲကပြောသည်။
ရှေ့လာမည့်လများနှင့် ပတ်သက်၍ မေးမြန်းသောအခါ နှစ်ဖက်စလုံးအနေဖြင့် မည်သည့်နေရာတွင် သဘောတူညီမှုရ သည်ကို ကြည့်ရမည်ဖြစ်ကြောင်းနှင့် ခိုင်မာသော နယ်ပယ်တွင် ညှိုနှိုင်းရန်အတွက် စိုက်ပျိုးရေးအုပ်စု အပါအဝင် အလုပ်အဖွဲ့များဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောသည်။
“အမေရိကန်ပြည်ထောင်စုက ဝန်ကြီးတချို့က ဒီအုပ်စုတွေကို ဦးဆောင်ပြီး ဘေ့ဂျင်းကိုလာမယ်၊ ကျနော်တို့ လုပ်ဖေါ် ကိုင်ဖက်တွေနဲ့ တွေ့ပီး ပိုပြီးနက်နက်ရှိုင်းရှိုင်းဆွေးနွေးမယ်၊ ပိုမိုခိုင်မာတဲ့ သဘောတူညီချက်တွေ့ရလာတာမျိုးကို ကျနော်တို့ တွေ့ရင်လည်းတွေ့ရမယ်” ဟုသူပြောသည်။
လျှူသည် အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးရန် ဝါရှင်တန်သို့ မေလ ၁၅ ရက်နေ့တွင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကုန်စည်နှင့် ဝန်ဆောင်မှုများကို တရုတ်နိုင်ငံက ပိုမိုဝယ်ယူခြင်းဖြင့် အမေရိကန်ကုန်သွယ် ရေး လိုငွေလျှော့ ချရေးကို နှစ်နိုင်ငံသဘောတူကြသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုတွင် အလုပ်အကိုင်နှင့် တိုးတက်မှုမြင့်မားလာမည်ဖြစ်သည်ဟု အထက်ပါကြေညာချက် ကဆိုသည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးလိုငွေကို အကြီးအကျယ် လျှော့ချရေး ကို ထိထိရောက်ရောက်ရောက်လုပ်ကိုင်ရန် သဘောတူခဲ့သည်” ဟု ထိုပူးတွဲ ကြေညာချက် တွင် ဖေါ်ပြထားသည်။
“တရုတ်နိုင်ငံသားများ၏ ကြီးထွားနေသော စားသုံးမှုနှင့် အရည်အသွေးမြင့် စီးပွားရေးတိုးတက်မှု လိုအပ်ချက်များကို ဖြည့် ဆည်းရန်အတွက် တရုတ်နိုင်ငံသည် အမေရိကန် ကုန်စည်နှင့်ဝန်ဆောင် မှုများကို သိသိသာသာ ပိုမိုဝယ်ယူမည်။
ထိုသို့လုပ်ဆောင်ခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင် တိုးတက်စေမည် ဖြစ်သည်” ဟုလည်း ပူးတွဲကြေညာချက်တွင်ဖေါ်ပြထားသည်။