မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် မက်သာဖက်ဒမင်း အပါအဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချမှုသည် အာရှနိုင်ငံများအပါအဝင် သြစတေးလျနိုင်ငံ အထိပါ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) က ပြောသည်။
နေပြည်တော်တွင် မေလ ၂၁ ရက်နေ့ကပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNODC တို့ ပူးပေါင်း ကျင်းပသည့် မဲခေါင်ဒေသ နိုင်ငံများကြား မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားအပြီးတွင် UNODC မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာန ကိုယ်စားလှယ် Mr.Jeremy Douglas က မီဒီယာများသို့ ပြောသည်။
Mr.Jeremy Douglas က “မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက မငြိမ်းချမ်းတဲ့ ဒေသတွေမှာ ဖြစ်နေတာ အရမ်းများတယ်။ အဲဒီကထွက်လာတဲ့ မူးယစ်ဆေးဝါးတွေကို ကမ္ဘာအနှံ့ကို ပို့တယ်။ သြစတြေးလျလို နိုင်ငံမျိုးအထိ ရောက်တယ်။ အဲဒီဒေသတွေက မက်သာဖက်ဒမင်းတွေကို အများကြီး ထုတ်လုပ်တယ်” ဟု စကားပြန်မှတဆင့် ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အတွင်းမှ အများဆုံး လာကြောင်းသိရပြီး ထိုအထဲတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ငြိမ်းချမ်းမှု မရရှိသေးသော ဒေသများမှ အထွက်များကြောင်း UNODC နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က ထောက်ပြသည်။
ရှမ်းပြည်နယ်ထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူစစ် အဖွဲ့များ လှုပ်ရှားလျှက်ရှိပြီး အချို့မှာ အစိုးရနှင့် အပစ်ရပ်ထားသော်လည်း အချို့သော လက်နက်ကိုင် အဖွ့ဲများမှာ အပစ်ရပ်လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
လက်ရှိ အခြေအနေတွင် ယင်းမူးယစ်ဆေးဝါး ပြဿနာကို ငြိမ်းချမ်းရေး စကားဝိုင်းများတွင် ခေါင်းစဉ်တခု သတ်မှတ်ပြီးထည့်သွင်း ဆွေးနွေးသင့်ကြောင်း၊ ထည့်သွင်းဆွေးနွေးပေးရန်လည်း တိုက်တွန်းလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူများသည် အစု အဖွဲ့၊ ဂိုဏ်းများဖြင့် နိုင်ငံဖြတ်ကျော်လျက် မှုခင်းများ ကျူးလွန်နေသည်မှာ မြန်မာတနိုင်ငံတည်းမှ မဟုတ်ဘဲ နိုင်ငံပေါင်းစုံမှ ဖြစ်ကြောင်း UNODC ရုံးမှ သိရသည်။
“နိုင်ငံပေါင်းစုံပေါ့။ တရုတ်ပါမယ်။ ထိုင်ဝမ်ပါမယ်။ ဒီကလူတွေပါမယ်။ သူတို့က အကျိုးအမြတ်ရအောင် လုပ်နေကြတာ။ သူတိ့ုက ဒီကိုလာပြီးတော့ အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းပေါ့။ လာလုပ်နေကြတယ်။ ဒီကိစ္စတွေကို ကိုင်တွယ်ရမယ်။ ဒါတွေက အဓိက အကြောင်းအရာ ဖြစ်နေတယ်။ ဒါကိုကိုင်တွယ်ဖို့ အားလုံးစုပေါင်းအင်အားနဲ့ ကိုင်တွယ်မှ ဖြစ်မယ်” ဟု Mr.Jeremy Douglas က ပြောသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းကမူ ရှမ်းမြောက်ဒေသမှ မက်သာ ဖက်ဒမင်း အပါအဝင် မူးယစ်ဆေးဝါးများ နိုင်ငံတကာသို့ ရောက်ရှိကြောင်း သတင်းများ ရသော်လည်း တိုင်းပြည်၏ ငြိမ်းချမ်းရေး အခြေအနေအရ ယင်းဒေသများသို့ ဝင်ရောက် ထိန်းချုပ်ရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်နေရကြောင်း ပြောသည်။
“ပြောရတာခက်တယ်။ တချို့လည်း ပါဝင်ပက်သက်မှု ရှိကောင်းရှိမှာပေါ့။ မရှိဘူးလို့မပြောပါဘူး။ သူ့သဘောကိုက Networking နဲ့သွားတာပေါ့။ ကျန်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ဂိုဏ်းဂဏတွေနဲ့ အများကြီး ပတ်သက်လိမ့်မယ်။ ရှမ်းပြည်နယ် အရှေ့ခြမ်းရဲ့ Boder (နယ်စပ်) တွေမှာ ပြဿနာတွေရှိတယ်”ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်ထဲမှ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် နေရာများသို့ ငြိမ်းချမ်းရေးမရယူနိုင်သေးသည့် အခြေအနေကြောင့် ဝင်ရောက် စစ်ဆေးနိုင်သည့် အခြေအနေ မရှိကြောင်း သို့သော်လည်း ထိုနေရာများမှ ထွက်ရှိလာသော မူးယစ်ဆေးဝါးများကို နိုင်ငံအတွင်းထဲသို့ ဝင်ရောက် မလာနိုင်စေရန် သတင်း အချက်အလက်များ အရ ဖမ်းပေးနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရတရပ်သာရှိ၍ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နှင့် တရုတ်အစိုးရကြား မူးယစ်တိုက်ဖျက်ရေး စာချုပ်များ လက်မှတ်ရေး ထိုးနေခြင်းကို အသိအမှတ် မပြုနိုင်ကြောင်း၊ တရုတ်နှင့် မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး တရားဝင် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း ရဲမှူးကြီး ဇော်လင်းထွန်းက ပြောသည်။
ယခုနှစ်တွင် မြန်မာသည် တနိုင်ငံလုံး အနေအထားဖြင့် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ဘိန်းစိုက်ပျိုးမှု လျှော့ချလာနိုင်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့် ဒေသများတွင် အစိုးရက ဘိန်းတိုက်ဖျက်ရေးကို လုပ်မပေးနိုင်ကြောင်း တွေ့ရှိရသည်ဟု UNODC ကပြောသည်။
လက်ရှိအစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကျေနပ်သော်လည်း ပိုမိုအားထုတ်ရန် လိုသေးကြောင်း၊ ဝေးလံပြီးသွားရောက်ရန် ခက်ခဲသည့် ငြိမ်းချမ်းမှု မရှိသေးသော အထူးဒေသများတွင် ဖြစ်ပွားနေခြင်းမှာ မြန်မာနိုင်ငံအတွက် အဓိကစိန်ခေါ်မှု ဖြစ်ကြောင်း UNODC ရုံးကပြောသည်။
“အထူးသဖြင့် မြန်မာ- တရုတ်၊ မြန်မာ- လာအို၊ မြန်မာနဲ့ထိုင်းမှာ ဒီဆေးဝါးတွေက အဲဒီနိုင်ငံတွေကို ထွက်သွားတယ်။ ဒီဆေးဝါးတွေကို ထုတ်ဖို့ အတွက် ဒီနိုင်ငံတွေကနေ ဝင်လာတာပေါ့။ အဲ့ဒါကြောင့်မလို့ ဒီနိုင်ငံတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမယ်။ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ စီးပွားရေးကရတဲ့ ပိုက်ဆံတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဘယ်လိုဆက်သွယ်နေလဲ။ ဘယ်လိုအထောက်အပံ့ ဖြစ်နေလဲဆိုတာကို သုတေသနတွေနဲ့ တိတိကျကျ သိဖို့လေ့လာမှ အခြေအနေကို ကောင်းကောင်းပြောနိုင်မယ်” ဟု Mr.Jeremy Douglas က ပြောဆိုခဲ့သည်။