လူမှုကွန်ရက် စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံ၏ အစိုးရနှင့် အချုပ်အခြာ အာဏာကို ထိပါးနိုင်သည့် ပြည်ပမှ အဖျက်အမှောင့် လုပ်ငန်းများကို စောင့်ကြည့် ကာကွယ်ရန် အတွက်ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြောသည်။
မေလ ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ အစိုးရ၏ ဒုတိယ တနှစ်တာ ကာလအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အရေးကိစ္စများ၌ ပြည်ပ အနှောက်အယှက်များနှင့် ပြည်ပ သွေးထိုးမှုများ ကာကွယ်ရန် အတွက် အစိုးရက ဆိုရှယ်မီဒီယာများကို ဥပဒေနှင့် အညီ စောင့်ကြည့် ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေး အဖွဲ့ (Social Media Monitoring Team – SMMT) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က သမ္မတရုံး အမိန့်ဖြင့် ဖွဲ့စည်းခဲ့သည်။
ဦးဝင်းခန့် က “ဒီလို ဖွဲ့စည်းတဲ့ အဓိက ရည်ရွယ်ချက်မှာ ကျနော်တို့ နိုင်ငံသူ နိုင်ငံသား၊ အစိုးရ၊ အချူပ်အခြာ အာဏာကို ထိပါးနေတာဟာ ဘယ်သူလဲ ဆိုတာကို ကျနော်တို့ မသိလိုက်ရဘဲ နောက်ပြီး သိလိုက်တဲ့ အချိန်မှာ နောက်ကျ ပြီးတော့ ခံလိုက်ရမှာ ဖြစ်တဲ့အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ အဖွဲ့ကို နိုင်ငံတော်သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၆,၄၂၆ သန်းအား ခွဲဝေ သုံးစွဲ၍ ဖွဲ့စည်းထားခြင်း ဖြစ် သည်။
ယင်းအဖွဲ့၏ အဓိက ရည်ရွယ်ချက်၌ နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ နိုင်ငံအတွင်းမှာ ရှိသည့် အဖွဲ့အစည်းများ အား လုံးကို အကာအကွယ်ပေးရန် အတွက် ထူထောင်ခြင်း ဖြစ်ကြောင်း ပြည်သူများ၏ ဆိုက်ဘာလုံခြုံရေးကို တားဆီး ကာကွယ်ရန် သပ်သပ်သာ ဖြစ်ပြီး မြန်မာနိုင်ငံသားများကို စောင့်ကြည့်၍ ဒုက္ခပေးမည် မဟုတ်ကြောင်းနှင့် လက်ရှိ ပြဌာန်း ထားသည့် ဥပဒေများကိုလည်း ထိခိုက်မှုမရှိကြောင်း ဦးဝင်းခန့် က ဆိုသည်။
အိုင်တီပညာရှင် တဦးဖြစ်သည့် ကိုသီဟ က “အင်တာနက် လုံခြုံမှု အတွက်ဆိုရင် ကောင်းပါတယ်။ ဝန်ကြီးဌာန ဝက်ဆိုက် တွေဆိုရင်လည်း အရေးကြီးတယ်လေ။ ပြည်တွင်းမှာပဲ ဆိုက်ဘာ လုံခြုံရေးကို ထိထိရောက်ရောက် အသုံးပြုနိုင်ရင်တော့ အကောင်းဖက်ကို သွားတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ဆက်သွယ်ရေး နည်းလမ်းများဖြစ်သည့် အင်တာနက် (သို့မဟုတ်) ဆိုရှယ် မီဒီယာများကို အသုံးပြုပြီး နိုင်ငံတော်၏ တည် ငြိမ် အေးချမ်းရေးကို ထိခိုက်နစ်နာအောင် ပြုလုပ်သည့် ဖြစ်စဉ်ဖြစ်ရပ်များကို ရှာဖွေဖော် ထုတ်နိုင်ရေးအတွက် ဥပဒေနှင့် အညီ ဖွဲ့စည်းထားပြီးခြင်း ဖြစ်သည်။
ထို့ပြင် ယင်းအဖွဲ့မှာ အဆင့်မြင့် နည်းပညာများ အသုံးပြု၍ စနစ်တကျ စောင့်ကြပ် ကြည့်ရှု ဖော်ထုတ်နိုင်ရေး အဖွဲ့ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင် က ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို ရည်ရွယ်ချက်ရှိရှိ အဖျက်အမှောင့်လုပ်ငန်းများ ဆိုရှယ်မီဒီယာများမှ တဆင့် ဆောင်ရွက်ကြသည့်အပေါ် ပြန်လည် စောင့်ကြည့်ရန်အတွက် ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြည် ထောင်စု အစိုးရအဖွဲ့သို့ အဆို တင်သွင်းပြီးနောက် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း အမျိုးသား ဆိုက်ဘာ လုံခြုံရေး ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။