မန္တလေးမြို့ရှိ အဝေးပြေးကားကွင်းများသို့ ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့တွင်းပြေးယာဉ်လိုင်း ပြေးဆွဲပေးသွားနိုင်ရန် စီစဉ်နေလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် က “ကားကွင်းတွေကို ပြေးဆွဲပေးဖို့အတွက် ယာဉ်လိုင်း တလိုင်း မြို့တော်ဝန်ကြီးထံ တင်ပြထားတယ်။ ဒီကိစ္စကို ကားကွင်းတွေမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေကလည်း တင်ပြ အကြံပြုထားတာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါ ကားကွင်းများသို့ တိုက်ရိုက်ပြေးဆွဲပေးသော မော်တော်ယာဉ်လိုင်း မရှိသေးဘဲ မန္တလေးမြို့တွင်းပြေး ယာဉ်လိုင်း များသာ ရှိကြောင်း၊ အဆိုပါယာဉ်လိုင်းများသည်လည်း ကားကွင်းများနှင့် အနီးစပ်ဆုံးနေရာများ၌ ခရီးသည် အတင်အချ ပြုလုပ်သည်မှာ အနည်းငယ်သာ ရှိသဖြင့် နယ်ဝေး ခရီးသွားများအတွက် အခက်အခဲများ ဖြစ်နေရကြောင်း သိရသည်။
ကားကွင်းများသို့ သီးသန့်ပြေးဆွဲပေးသည့် ယာဉ်လိုင်းမရှိခြင်းကြောင့် ခရီးသည်များထံမှ အုပ်စုဖွဲ့ငွေတောင်းခံရမှုများ၊ လက်မှတ် မတန်တဆ ဈေးတင်ရောင်းချခံရမှုများ မကြာခဏဖြစ်ပေါ်နေရကြောင်းလည်း သိရသည်။
“ဘတ်စ်လိုင်း ပြေးဆွဲပေးဖို့ ရည်ရွယ်ချက်ကတော့ မန္တလေးမြို့ကို အနယ်နယ် အရပ်ရပ်က လာတဲ့ ခရီးသွားတွေရဲ့ လုံခြုံရေး၊ လိုရာခရီးသွားမယ့် အစီအစဉ်မှာ တရားမဝင်ဂိတ်တွေကနေ လိမ်လည် ဈေးပိုတောင်းတဲ့ကိစ္စတွေကို ကြိုတင်တားဆီးနိုင်ဖို့ အတွက်ပါ၊ နောက်ပြီးတော့ သက်ဆိုင်ရာကားကွင်းကို အရောက်ပို့ပေးတဲ့ ယာဉ်လိုင်ရှိမယ်ဆိုရင် ခရီးသည်တွေရဲ့ အသက် အန္တရာယ် ကင်းရှင်းရေးအပြင် စိတ်ချမ်းသာစွာနဲ့ လုံခြုံမှုအတွက်ကို ရည်ရွယ်ပါတယ်” ဟု ဦးကျော်ဇောအောင် က ပြောသည်။
မန္တလေး ကားကွင်းများသို့ ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရေး ယာဉ်လိုင်းတလိုင်း သီးသန့်ပြေးဆွဲပေးရန် စီစဉ်နေဆဲ ကာလတွင်လည်း ကားကွင်းများရှိ ယာဉ်လိုင်းများနှင့် ယာဉ်များရပ်နားထားရှိမှုများကို စနစ်တကျရှိစေရန် ဆောင်ရွက် နေပြီး တရားမဝင် ဂိတ်ဖွင့်လှစ်မှုများကို စစ်ဆေးအရေးယူမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း က “ကားကွင်းတွေကို မော်တော်ယာဉ်လိုင်း တခု သီးသန့်ပြေးဆွဲမယ့်အစီအစဉ်က အလွန်ကောင်းပါတယ်၊ ရှိလည်း ရှိသင့် တယ်၊ လက်ရှိမှာတော့ ကျနော်တို့ကော်မတီကနေ ဒေါနဘွားကားကွင်းဘက်ကို ၁၊ ၂၊ ၃ လိုင်း ဝင်ရောက်ပြေး ဆွဲပေး ဖို့ တင်ပြပေးထားတယ်၊ အမှတ် ၁၊ ၂၊ ၃ မြို့တွင်းပြေး ယာဉ်လိုင်း ဝင်ရောက်ပြေးဆွဲပေးသွားနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်” ဟု ပြောသည်။
ယခုအခါ မန္တလေးမြို့တွင် မြို့တွင်းပြေး ယာဉ်လိုင်းပေါင်း ၂၇ သင်း၊ ဖြန့်ကျက်ပြေးဆွဲ လိုင်းခွဲပေါင်း ၃၉ လိုင်းတွင် ယာဉ်အစီးရေ ၇၅၈ စီးရှိပြီး နေ့စဉ် ၃၅၀ စီးခန့်ဖြင့် ပြေးဆွဲပေးနေလျက်ရှိကြောင်း သိရသည်။
အဝေးပြေးကားကွင်းများသို့ ခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြို့တွင်းပြေးယာဉ်လိုင်းတလိုင်း သီးသန့် ပြေးဆွဲပေးသွားနိုင်ရေးကို ခွင့်ပြုချက်ရရှိပြီးပါက အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲမှူးချမ်းငြိမ်းအောင် က “ယာဉ်လိုင်းသီးသန့်ပေါ်လာမယ်ဆိုရင် ဌာနဆိုင်ရာတွေ အားလုံးပေါင်းပြီး စည်းကမ်းတကျ လုပ်သွားမယ်ဆိုရင် ခရီးသည်တွေ အဆင်ပြေမယ်၊ သွားတဲ့လာတဲ့နေရာမှာ လုံခြုံမှုရှိမယ်၊ တရားမဝင်ဆိုင်ကယ် ကယ်ရီတွေ၊ တရားမဝင် လက်မှတ် ရောင်းချခံရမှုတွေနဲ့ အုပ်စုဖွဲ့ အနိုင်ကျင့် ငွေတောင်းခံမှုတွေ ပပျောက်သွားနိုင်တယ်၊ ဝိုင်းဝန်းထိန်းပေးဖို့တော့ လိုပါတယ်” ဟု ပြောသည်။
ယခုအခါမြို့တော်စည်ပင်သာယာ ရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ကားကွင်းများမှ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ ပူး ပေါင်း၍ ခရီးသည်ယာဉ်များ ကားကွင်းအတွင်း ဆိုက်ရောက်ရန်၊ ခရီးသည်များ စိတ်ချမ်းသာစွာဖြင့် အနှောက်အယှက် ကင်းစွာ သွားလာနိုင်ရေးတို့ အတွက် နေ့/ည တာဝန်များဖြင့် အထူးဆောင်ရွက်ကာ အုပ်စုဖွဲ့ငွေတောင်းခံရမှုများ၊ လက် မှတ်မတန်တဆ ဈေးတင် ရောင်းချခံရမှုများ၊ တရာမဝင်ဂိတ်များကို ဖေါ်ထုတ်၍ စည်ပင်သာယာရေးဥပဒေ ၁၁၆ ဖြင့် စည်ပင်သာယာ အထူးတရားရုံသို့ တရားစွဲဆိုတင်ပို့ အရေးယူလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ဆေး အရေးယူမှုများ လုပ်ဆောင်နေလျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်း တရားမဝင်လက်မှတ်ရောင်းချနေသည့် ဂိတ် ၁၀ ခုနှင့် အုပ်စုဖွဲ့ငွေတောင်းခံမှု ၃ မှုကို အရေးယူထားပြီးဖြစ်ကြောင်းလည်း သိရသည်။