ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ယခင်က မေလထဲတွင် ကျင်းပရန် သဘောတူ ထားသော်လည်း ပြင်ဆင်ချိန်များ မလုံလောက်သဖြင့် ဇွန်လမှသာ ကျင်းပနိုင်တော့မည်ဖြစ်ကြောင်း ပအိုဝ့်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “အကြောင်းမညီညွတ်လို့ အဆင်မပြေလို့ ရွှေ့တာ မဟုတ်ပါဘူး။ အလုပ်လုပ်ဖို့ အချိန်မလောက်လို့ ရွှေ့တာပါ။ မလုပ်ဘူးဆိုတာတော့ မရှိပါဘူး။ သို့သော် ပြင်ဆင်ချိန် မလောက်လို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပခဲ့ပြီး မေလကုန်ပိုင်းတွင် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ အပါအဝင် UPDJC အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးများနှင့် လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပရန် ရှိနေခြင်းကြောင့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဇွန်လထဲတွင် ကျင်းပရန် အစိုးရ၊ လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများက လျာထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “မကျင်းပမီမှာ UPDJC အတွင်းရေးမှူး အစည်းအဝေး၊ UPDJC အစည်းအဝေး၊ UPDJC လုပ်ငန်း ကော်မတီ များရဲ့အစည်းအဝေးတွေက ကျနေ်ာတို့ လိုအပ်ချက်အရ ၁၅ ရက်လောက်ပေးရမယ်။ သို့မဟုတ် ရက် ၂၀ လောက် ပေးရမယ် ဆိုတော့ အဲဒီအစည်းအဝေးတွေ ဆက်လက် ကျင်းပဖို့ အချိန်က မေလထဲမှာ မလုပ်ဖြစ်သွားတဲ့ သဘောရှိတယ်။ ဒါကြောင့် မကျင်းပနိုင်ပဲ ဖြစ်သွားတာပါ” ဟု ပြောသည်။
ထို့ကြောင့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ဇွန်လတတိယအပတ် သို့မဟုတ် စတုတ္ထအပတ်ထဲတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်းနှင့် ညီလာခံကို မေလအတွင်း ခေါ်ဖြစ်မယ်ဟုလည်း ယုံကြည်ကြောင်း ၎င်းက ပြောသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် ကလည်း “ညီလာခံလုပ်မယ်ဆိုရင် သူရှေ့မှာကအစည်းအဝေးတွေက တောက်လျောက်ရှိမှာ လုပ်ငန်းကော်မတီအစည်းအဝေး၊ UPDJC အစည်းအဝေးတွေပေ့ါဗျ။ အဲဒီအစည်းအဝေးတွေ ရှိသေးတယ်လေ။ ဒီအစည်းအဝေးတွေ တန်းစီလိုက်ရင် မေလဆိုတာ မလွယ်တော့ မလွယ်လှဘူး။ ဖြစ်နိုင်ချေ မရှိသလောက်ပဲ” ဟု ပြောသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကိုမေ ၂၂ ရက်တွင် ကျင်းပသွားရန် စီစဉ်ထားပြီး လုပ်ငန်းကော်မတီ အစည်းအဝေးအား မေ ၂၃၊ ၂၄၊၂၅ ရက်တို့တွင် ဆက်တိုက် ကျင်းပသွားရန် စီစဉ်ထားကြောင်းနှင့် လိုအပ်ပါက ၂၆ ရက်ထိ ကျင်းပသွားရန် ပြင်ဆင်လျက်ရှိကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တဦးကပြောသည်။
အဆိုပါ အစည်းအဝေးများမှ ဆွေးနွေးမှုများကို စုစည်း၍ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူထားသော UPDJC ကော်မတီ အစည်းအဝေးကို ခေါ်ယူကာ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ကျင်းပမည့် ရက်အတည်ပြုရေး ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
UPDJC အဆင့်ဆင့် အစည်းအဝေးများတွင် ၂၀၁၇ ခုနှစ်၊ မေ ၂၄ ရက်မှ ၃၀ ရက်ထိကျင်းပခဲ့သော ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ၌ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပြန် အလှန် ဆွေးနွေးပြီး သဘောမတူဘဲ ချန်ခဲ့သော စာတမ်းများကို ဆွေးနွေးကြမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
ထို့အတူ NCA ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီ (NMSP) ၏ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာမည့် စာတမ်းနှင့် CSO၊ CBO တို့၏ ဆွေနွေးပွဲမှ ထွက်ရှိလာမည့် အကြောင်းအရာအလိုက် စာတမ်းများလည်း ဆွေးနွေး ဖြစ်လိမ့်မည်ဟုဆိုသည်။
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေးပြီးသဘောမတူညီနိုင်ခဲ့သော အချက်များမှာ တပ်မတော် တခုတည်း ထားရှိရေး အပါအဝင် နိုင်ငံတော်မှ မည်သည့် အစိတ်အပိုင်းတခုမှ ခွဲထွက်မည် မဟုတ်ကြောင်း ကတိပြုရေး၊ တိုင်းဒေသကြီး/ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး၊ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးစသည့် အချက်များ ဖြစ်သည်။
၂၁ ရာစု ပင်လုံကျင်းပနိုင်ရေးနှင့် ညီလာခံတွင် ရလဒ်ကောင်းများ ထွက်ရှိနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်း ထိုသို့ဆောင်ရွက်မထားလျှင် ညီလာခံလုပ်၍ လည်း ထူးမည်မဟုတ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောသည်။
စိုင်းကျော်ညွန့်က “ပြောရရင် တပ်မတော်နဲ့ အစိုးရဆွေးနွေး ညှိနှိုင်းမှု မရှိဘူး။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ဆွေးနွေး ညှိနှိုင်းမှု မရှိဘူးဆိုတော့ ညီလာခံတော့ လုပ်လိုက်ပါပြီ သဘောတူညီမှု မရှိဘူး။ ကြိုတင်ပြီးတော့ ဆွေးနွေးထားတာ တွေရော မရှိဘူးဆိုရင်၊ ပြီးတော့ ရန်ဖြစ်ရင် ဘာထူးမလဲ” ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို ပုံမှန်အားဖြင့် ၆ လတကြိမ်ကျင်းပရန် သဘောတူညီ ထားကြသည်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေခြင်းမရှိဟုဆိုသည့် အကြောင်းပြချက်များဖြင့် တနှစ်ပြည့်ချိန်အထိ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပနိုင်ခြင်း မရှိသေးပေ။
၂၁ ပင်လုံ ဒုတိယအစည်းအဝေးကိုတော့ ၂၀၁၇ ခုနှစ် မေ ၂၄ မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သည်။