နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်ကူးမှုများကို ကိုင်တွယ်ဖြေရှင်းရန် တိုင်းရင်းသား လူနည်း စုအုပ်စုများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အရှိန်မြှင့်တင်မည်ဟု ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက ထိုင်း ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာချင် ချွန်တောင်နှင့် မနေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ကတိပြုပြောဆိုကြောင်း Bangkok Post သတင်းကဆိုသည်။
ထိုသို့တွေ့ဆုံစဉ် ရေရှည်မူးယစ်ဆေးဝါးနှိမ်နင်းမှုအောင်မြင်ရေးမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် မူတည်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောသည်။
ယင်းကတိပေးပြောကြားချက်ကို ထိုင်း ဒုဝန်ကြီးချုပ်၊ တရားရေးဝန်ကြီး လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာချင် ချွန်တောင်က ကြိုဆိုလိုက်ပြီး၊ ရွှေတြိဂံဒေသစစ်ဆင်ရေးအတွက် မြန်မာဘက်မှ အကူအညီရရန် ၎င်းအနေဖြင့် ဆန္ဒပြင်းပြနေသည်။
“မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ကြိုးစားရာမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် မြန်မာအစိုးရကို ကျနော့်အနေနဲ့ ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာနယ်မြေများတွင် မူးယစ်ဆေး စက်ရုံများ တည်ရှိကြောင်း အများက သိရှိထားကြသည်။
မြန်မာနှင့်ထိုင်းတို့သည် မဲခေါင်လုံခြုံစိတ်ချမှုပူးပေါင်းစစ်ဆင်ရေးစာချုပ်အောက်တွင် မူးယစ်ဆေး ကုန်ကူးမှုများကို ပူးပေါင်းတားဆီးသွားကြရန် သဘောတူခဲ့ကြပြီး မဲခေါင်မြစ်ဝှမ်းတလျှောက် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ၂၀၁၃ ခုနှစ်က စတင်ပြီး နှစ်နိုင်ငံလက်တွဲဆောင်ရွက်ခဲ့သည်။
တရုတ်နှင့် အရှေ့တောင်အာရှအသင်းဝင်နိုင်ငံ ၅ နိုင်ငံဖြစ်ကြသည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့လည်း ယင်းစာချုပ်တွင် လက်မှတ်ရေးထိုးကြသည်။
ယင်းစာချုပ်၏ရည်မှန်းချက်တခုမှာ စတုရန်းကီလိုမီတာ ၉၅၀,၀၀၀ ခန့်ကျယ်ဝန်းပြီး တောင်တန်း များဖြင့် ကာရံထားသည့် ရွှေတြိဂံဒေသကို ကိုင်တွယ်နိုင်ရန်ဖြစ်ပြီး ထိုင်း၊ လာအို၊ မြန်မာနိုင်ငံတို့ နယ်နမိတ်ချင်းပေါင်းဆုံရာ အဆိုပါဒေသသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မူးယစ်ဆေး ထုတ်လုပ်သောနယ်မြေဖြစ်သည်။
အဆိုပါ စာချုပ်အောက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံအသီးသီးက နာမည်ဆိုးဖြင့် ကျော်ကြား သည့်မူးယစ်ဆေးထွက်ရှိသည့်နယ်မြေဖြစ်သည့် ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေမှုများကို အတူလက်တွဲကာကွယ်ရန် သဘောတူထားကြသည်။
မူးယစ်ဆေးစွဲနေသူများနှင့် ၎င်းတို့ မူးယစ်နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၏ သားကောင် ဘ၀ ပြန်လည် မသက်ဆင်းနိုင်ရေး တားဆီးရန် ထိုင်းအာဏာပိုင်များနှင့် ပိုမိုအနီးကပ်ဆောင်ရွက် ပေးကြဖို့လည်း မြန်မာနိုင်ငံကို ပရာဂျင်က တိုက်တွန်းခဲ့သည်။
ထိုင်း ဒုဝန်ကြီးချုပ်၊ တရားရေးဝန်ကြီး လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာချင် ချွန်တောင်နှင့် အဖွဲ့ သည် မေလ ၂၀ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်း ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဆေးစွဲသူများအား ကုသပေးရေးလုပ်ငန်းများ၊ အစားထိုးဖွံ့ ဖြိုးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး ဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပိုမိုမြှင့်တင် ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြောင်း၊ ထို့နောက် မေလ ၂၁ရက်နေ့ ည ၇နာရီတွင် ဘန်ကောက်မြို့ သို့ ပြန်လည်ထွက်ခွာသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။