ပြည်သူများရွေးချယ်တင်မြှောက်ထားသည့် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မလျော်သြဇာသုံးပြီး ရာထူးမှပြုတ်အောင် ပြုလုပ်ခဲ့သည်ဟုဆိုကာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းနှင့် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ ဦးစိုးခိုင်တို့အား ဒေသခံ ၅၀၀ ခန့်သည် ယမန်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အား အကြောင်းပြချက် ၅ ချက်ဖြင့် လေးမျက်နှာမြို့နယ်
အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ရာ ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရက မေလ တတိယပတ်အတွင်း၌ ဦးခင်ဇော်ကို တာဝန်မှ ရပ်စဲခဲ့သည့်အတွက် အစိုးရကိုတိုင်ကြားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးခိုင်နှင့် ဦးဇော်မင်းသိန်းတို့အား ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
“အိုင်သပြုမှာ ပြည်သူ ၉၀၀ ကျော်ရဲ့ ထောက်ခံမဲတွေ ရထားတဲ့ အုပ်ချုပ်ရေးမှူးကို အခုလို အာဏာသုံးပြီး ဖြုတ်ပစ်တာဟာ ဒီမိုကရေစီနဲ့ သွေဖယ်တဲ့ဆောင်ရွက်မှုလို့ပဲ ပြောချင်တယ်။ ဦးခင်ဇော်ဆိုတာ ဘယ်အချိန်ပဲဖြစ်ဖြစ် ၂၄ နာရီလုံး အိမ်တံခါးဖွင့်ထားပြီး ရပ်ရွာပြည်သူ အတွက် ကူညီပေးနေတဲ့ လူတယောက်ပါ။ ဒီလိုအများပြည်သူအတွက် တကယ်အလုပ်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးကို ဖြုတ်ပစ်တာ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်”ဟု ယမန်နေ့ကပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးစိန်ဝင်းက ဧရာဝတီကို ပြောသည်။
လေးမျက်နှာမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်အား လေးမျက်နှာ ဒေသခံများ ဆန္ဒဖော်ထုတ်ခြင်းမှာ ၂၀၁၆ ခုနှစ်မှ စတင်၍ ၂ နှစ်တာကာလအတွင်း ယခုတစ်ကြိမ် အပါအဝင် ၄ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။ အင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံ ရေလုပ်သားများက ၃ ကြိမ် ဆန္ဒပြခဲ့ပြီး ယခုတကြိမ်တွင် အိုင်သပြုအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံရခြင်းနှင့် ပတ်သက်၍ အိုင်သပြုအုပ်စုတွင်းမှ ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒဖော်ထုတ်သူများမှာ “ပြည်သူ့ဆန္ဒ မျက်ကွယ်ပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိ”၊ “ဥပဒေ အလွဲသုံးစားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိ”၊ “ပြည်သူကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသည့် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ”၊ “မလျော်သြဇာသုံးသည့် လွှတ်တော် ကိုယ်စားလှယ် အလိုမရှိ”၊ “ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်စီးအောင်လုပ်သည့် လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ”၊ “ပြည်သူကိုစော်ကားသည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိ”ဟူ၍ ကြွေးကြော်ကာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အိုင်သပြုကျေးရွာအနှံ့လှည့်လည်ကာ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
ဦးခင်ဇော်မှာ ကျေးရွာတွင် လောင်းကစားဝိုင်းများ ပြုလုပ်ခြင်းကိုမသိရှိခြင်း၊ မယင်းတံတားတည်ဆောက်မှုတွင် လာဘ်စားခြင်း၊ ဒေသခံရေလုပ်သားငယ်များ၏ ဆန္ဒဖော်ထုတ်ပွဲအား နောက်ကွယ်မှ အားပေးအားမြှောက် ပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို အထင်အမြင်လွဲအောင် ပြောဆိုခြင်း၊ ကမ်းပါးပြိုကျရာတွင် ပါဝင်သည့် အိမ် ၅၂ အိမ်အား သခင်ဖိုးလှကြီးရပ်ကွက်အဖြစ် ပြန်လည်နေရာချထားပေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များအား ငွေစာရင်းမရှင်းခြင်း စသည့် ပြစ်ချက်များ ပြုလုပ်သည်ဟုဆိုကာ လေးမျက်နှာ မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုင်ကြားမှုအား ယခင်ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီလက်ထက်တွင် နှစ်ကြိမ်၊ လက်ရှိ ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်ထက်တွင် တကြိမ်၊ အဖွဲ့ဖွဲ့၍ အိုင်သပြုအုပ်ချုပ်ရေးမှူး ဦးခင်ဇော်အား စစ်ဆေးခဲ့ပြီး ဟင်္သာခရိုင် အုပ်ချုပ်ရေးဌာနမှ ဦးခင်ဇော်အား သတိပေးခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်း၊ ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလတွင် အိုင်သပြုအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခဲ့ရာ ဦးခင်ဇော်က ထောက်ခံမဲ ၈၁ ရာခိုင်နှုန်း ရရှိကာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပြီးနောက် ၃ လအကြာတွင် ဧရာဝတီ တိုင်းအစိုးရက ရာထူးမှ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
“အိုင်သပြုအုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့မညီတဲ့ အချက်အလက်တွေကို ကျနော် တိုင်ကြားခဲ့တာ ရှိပါတယ်။ အဲဒီအပေါ်မှာ အစိုးရအဖွဲ့က စိစစ်ပြီးတော့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာဆိုတာက ကဏ္ဍတစ်ခုစီ ပိုင်းခြားကျင့်သုံးနေတာပါ။ ကျနော်တို့က ဥပဒေပြုရေးကဏ္ဍ မို့လို့ အုပ်ချုပ်ရေးလိုင်းကို ဝင်ရောက်စွက်ဖက်လို့ မရဘူး။ အမိန့်ပေးလို့ မရပါဘူး။ အုပ်ချုပ်ရေးမှူးကို ဘာကြောင့် ဖြုတ်သလဲဆိုတာတော့ အုပ်ချုပ်ရေးဦးစီးဌာနကို မေးတာပိုကောင်းပါလိမ့်မယ်။ ကျနော်တို့ ပြောနိုင်တာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖိအားပေးတာ ဥပဒေ အလွဲသုံးစားလုပ်ခဲ့တာ လုံးဝမရှိဘူးလို့ ပြောချင်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်၏ တိုင်ကြားချက်အားလုံးကို ဖြေရှင်းခဲ့ပြီး သတိပေး ခံဝန်လက်မှတ် ရေးထိုးထားသည့်ကိစ္စကို ၃ လအကြာတွင် ထပ်မံအရေးယူခြင်းမှာ တရားမျှတမှုမရှိကြောင်း တာဝန်မှရပ်စဲခြင်း ခံရသည့် အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်ဇော်က ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ရဲ့ တိုင်ကြားချက် အားလုံးကို လာရောက်စစ်ဆေးတဲ့ လွှတ်တော်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေကို တချက်ခြင်းစီ ရှင်းလင်းထားခဲ့ပြီး ဖြစ်တယ်။ အဲဒီတော့ ကျနော့်ကို ခရိုင်ထွေ/အုပ်က အရေးယူလို့ မရတော့ သတိပေး ခံဝန်လက်မှတ် ထိုးခိုင်းတယ်။ ကျနော်ကလည်း ဒီကိစ္စပြေလည်ပါစေတော့ ဆိုပြီး လက်မှတ်ထိုးပေးခဲ့တယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူး ပြန်လည် အရွေးခံလို့ရပါတယ်လို့ ခရိုင်က ခွင့်ပြုလို့ ပြန်လည်အရွေးခံတာ ပြည်သူရဲ့ ထောက်ခံမဲ ၉၀၀ ကျော် ရခဲ့ပြီး အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်တာ ၃ လပြည့်တော့မှ ရာထူးက ဖြုတ်ချပစ်ခဲ့တယ်။ ဒါကပြည်သူတွေရဲ့ဆန္ဒကို အလေးမထားတဲ့လုပ်ရပ်၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ လွဲချော်နေတဲ့လုပ်ရပ်လို့ပဲ ပြောချင်တယ်”ဟု အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်ဇော်က ပြောသည်။
ယခုနှစ် ဖော်ဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် အိုင်ပြုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် လာရောက်မဲပေးခဲ့သည့် လူပေါင်း ၁၁၀၀ ကျော်အနက် ဦးခင်ဇော်က ၉၀၁ မဲ ရရှိကာ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပြီး ဒုတိယနေရာမှ ဦးခင်မောင်လွင်မှာ ထောက်ခံမဲ ၂၀၀ ကျော်ရရှိခဲ့သည်။ လက်ရှိတွင် ဦးခင်ဇော်ကို ဧရာဝတီတိုင်းအစိုးရက ရာထူးမှ ရပ်စဲခံခဲ့ရသည့်အတွက် ဒုတိယမဲအများဆုံးရရှိသူ ဦးခင်မောင်လွင်က အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက် နေကြောင်း သိရသည်။
အိုင်သပြုကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၆ ရွာပါဝင်ပြီး အိမ်ထောင်စုပေါင်း ၁၆၀၀ ကျော် လူဦးရေ ၅၀၀၀ နီးပါးရှိသည့်ကျေးရွာအုပ်စုဖြစ်ပြီး လေးမျက်နှာမြို့နယ်တွင် အစည်ကားဆုံးဒေသတခု ဖြစ်ကြောင်း သိရသည်။