ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော တရားခံ ဖမ်းမမိသေးသည့် လက်ကျန် အမှုကြီး ၂၆ မှုရှိပြီး ၎င်းအနက် လုယက်မှုမှာ ထက်ဝက်ခန့် ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး က ပြောသည်။
မေလ ၂၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့တွင် ရဲလက်စွဲ အပိုဒ် ၁၇၅၄ ပါ အရေးကြီးသော ရာဇဝတ်မှု ၁၀ မျိုးဖြစ်သည့် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ လက်နက်မှုနှင့် မတရားအသင်း ဆိုင်ရာအမှုများ ဖြစ်ပွား ရာတွင် တရားခံများ ဖော်ထုတ်နိုင်ရန် မည်မျှ ကျန်ရှိနေသေးကြောင်းနှင့် မည်သို့ စုံစမ်း စစ်ဆေးနေကြောင်းကို လသာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မေးမြန်းမှုကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး က “ကျနော်တို့ ရဲတပ်ဖွဲ့က လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်း ကြိုတင် ကာကွယ်ရေး (ကြို/ကာ) လုပ်ငန်းများနဲ့ ပတ်သက် ပြီးတော့မှ ကြို/ကာ ဖမ်းဆီးမှုတွေလည်း ဆောင်ရွက်ရပါတယ်။ ကြို/ကာ ၁၀ မျိုး ရှိပြီးတော့ တင်ပြပါ ကာလအတွင်းမှာ ၈၅၆၈၅ မှုကို ကြိုတင် ကာကွယ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အမှုကြီး တွေ လျော့နည်း ကျဆင်းရခြင်း ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟုဆိုသည်။
၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိ ရာဇဝတ် အမှုကြီး ပေါင်း ၈၅၆ မှု ဖြစ်ပွားခဲ့ရာတွင် ၈၀၆ မှုကို တရားစွဲဆို တင်သွင်းနိုင်ခဲ့ပြီး ၂၄ မှုကို အမှု ပိတ်သိမ်းခဲ့ကာ အမှုကြီး လက်ကျန် ၂၆ မှုရှိသည့်အနက် ၁၄ မှုမှာ လုယက်မှု ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ဧပြီမှ ၂၀၁၇ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရာဇဝတ်မှုကြီး ၁၀ မျိုးအနက် မုဒိမ်းမှု အများဆုံး ဖြစ်ပွားခဲ့ရာ ၄၅၆ မှု အထိရှိခဲ့ပြီး လူသတ် မှု ၃၀၀၊ ဓားပြမှု ၁ မှု၊ လုယက်မှု ၈၄ မှု၊ ပြန်ပေးဆွဲမှု ၂ မှု၊ ဖောက်ထွင်းမှု ၃ မှု၊ ခိုးမှုကြီး ၅ မှု၊ မတရားအသင်းမှု ၂ မှုရှိခဲ့ကြောင်း၊ အဆိုပါ အမှုများအနက် မုဒိမ်းမှု ၂ မှု၊ လူသတ်မှု ၁၀ မှု၊ လုယက်မှု ၁၄ မှုသာ တရားစွဲတင်နိုင်ခြင်း မရှိဘဲ လက်ကျန် အမှုများအဖြစ် ကျန်ရှိနေပြီး ဆက်လက် စုံစမ်းရှာဖွေ ဖော်ထုတ်နေဆဲ ဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “ရန်ကုန်တိုင်း ဒေသကြီးမှာ တိုးတက်တဲ့ လူဦးရေနဲ့ အတူ မှုခင်းတွေလည်း များပြားပါ တယ်။ လေဆိပ်၊ သင်္ဘောဆိပ်၊ ရထားဆိပ်တွေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ မှုခင်းတွေဟာလည်း အခြား တိုင်း ဒေသကြီး ပြည်နယ်တွေနဲ့ မတူပါဘူး။ မှုခင်းကြီးတွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ အဲဒီလို ဖြစ်ပွားခဲ့တဲ့ အမှုတွေထဲမှာ တရားခံ ဖော်ထုတ်မရတာတွေ ရှိသလို တရားခံတွေ ထွက်ပြေးလွတ်မြောက်နေတဲ့ အမှုတွေလည်း ရှိပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှုကြီးများ ဖြစ်ပွားမှုအပေါ် ရပ်ရွာနေပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်မှု မြင့်မားလာသည့် အလျှောက် ဖြစ်ပွားသော မှုခင်းများ စုံစမ်းဖော်ထုတ်ရာတွင် ယခုထက် ပိုမို၍ စုံစမ်း ဖော်ထုတ်နိုင်မှု ရာခိုင်နှုန်း ပိုမို မြင့်မားလာကြောင်း သိရသည်။