သတင်း

Grab ယာဉ်မောင်းများ မူလအခွင့်အရေး ရရှိရန် ဆက်လက် တောင်းဆိုမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် Grab (Myanmar) ကုမ္ပဏီ အဖွဲ့ဝင် ယာဉ်မောင်းတချို့က ၎င်းတို့၏ မူလအခွင့်အရေး ပြန်လည်မရမချင်း ဖဲကြိုးဖြူ လှုပ်ရှားမှုနှင့် စတစ်ကာကမ်ပိန်းကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ တောင်းဆိုချက်တွေ အဆင်မပြေမချင်း လှုပ်ရှားမှုကို ရပ်တန့်မှာ မဟုတ်ဘူး။ Grab ကို အပြုတ်တိုက်တာ မဟုတ်ဘူး။ ခရီးသည်နဲ့ ယာဉ်မောင်းသူကြား အဆင်ပြေတဲ့ ယခင် နည်းစနစ်ကို ပြန်သုံးစေချင်တာ”ဟု ကမ်ပိန်းတွင် ပါဝင်သည့် Owner & Driver (O&D) အဖွဲ့ဝင် အငှားယာဉ်မောင်း ကိုဝင်းနိုင်က ပြောသည်။

မေလ ၂၁ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ ကမ်ပိန်းနှင့်ပတ်သက်၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ကမ်ပိန်းလှုပ်ရှားသူများက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။

လက်ရှိ သုံးစွဲနေသည့် Grab အက်ပလီကေးရှင်းတွင် ခရီးစဉ် လမ်းကြောင်း လက်မခံခင် သွားမည့် ခရီးစဉ်ကို မသိရ ခြင်း၊ ခရီးစဉ်ကို မကြိုက်ပါက ယာဉ်မောင်းအနေဖြင့် ငြင်းပယ်ခွင့် မရှိခြင်း၊ ယာဉ်မောင်း၏ အသက်အာမခံနှင့် လုံခြုံ ရေး ထားရှိမှု အပိုင်းတို့ကို အသေးစိတ် မသိရှိရခြင်းတို့က အလုပ်သမား တယောက်၏ မူလအခွင့်အရေး ဆုံးရှုံးနေခြင်း ဖြစ်ကြောင်း ကမ်ပိန်းတွင် ပါဝင်သူများက ပြောဆိုသည်။

“နေ့ ညမရွေး သွားနေရတဲ့အခါ ခရီးအကွာအဝေး လုံခြုံရေး ဘာတခုမှ ယာဉ်မောင်းကို အကာအကွယ် ပေးထားတာ မရှိ ဘူး”ဟု ကမ်ပိန်းတွင် ပါဝင်သော ယာဉ်မောင်း တဦးက ပြောသည်။

ထို့အတွက် Grab ခရီးစဉ်အား ယာဉ်မောင်းများက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မူလအခွင့်အရေး ပြန်လည်ရရှိရေးနှင့် ယာဉ်မောင်းများ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ရန် ထိရောက်သည့် နည်းလမ်းဖြင့် ယာဉ်မောင်းများ အပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရရှိရေးဟူသည့် အချက် နှစ်ချက်ကို အဓိက တောင်းဆိုထားခြင်းဖြစ် ကြောင်း ကိုဝင်းနိုင်က ရှင်းပြသည်။

“ကျနော်တို့ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုတာ။ Customer ဘက်ကို ဘာမှမပြောဘူး။ ခရီးသည်တွေ အနေနဲ့ Grab ကို လုံခြုံမှု ရှိလို့ စီးကြတာ။ လုံခြုံမှုဆိုတဲ့ သဘောတရားမှာ ခရီးသည်ချည်းပဲ မရပါဘူး။ ကျနော်တို့ မောင်းသူတွေမှာ လည်း ရှိရပါမယ်” ဟု Yangon Taxi Drivers Group (YTDG) မှ ကိုစိုးကြီးက ပြောသည်။

ဖဲကြိုးဖြူ ကမ်ပိန်းကိုစတင်ခဲ့သည့် YTDG အဖွဲ့၌ အဖွဲ့ဝင် ၃၀ တွင် အမာခံ အငှားယာဉ်မောင်း ၁၀ ဦးက Grab အက် ပလီ ကေးရှင်းကို လတ်တလော ပိတ်ထားကာ တောင်းဆိုချက်များ မရမချင်း အက်ပလီကေးရှင်း ပြန်လည်ဖွင့်မည် မဟုတ် ကြောင်း ၎င်းက ဆိုသည်။

မေ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ဖဲကြိုးဖြူ လှုပ်ရှားမှုနှင့် စတစ်ကာ ကမ်ပိန်းတွင် O&D, YTDG အပါအဝင် အဖွဲ့ ၆ ဖွဲ့မှ အငှား ယာဉ် ၁၇၁ စီးက ဖဲကြိုးဖြူနှင့် Grab အမှတ်တံဆိပ် ကြက်ခြေခတ်ထားသော စတစ်ကာများကပ်ကာ အဖွဲ့လိုက် လှည့်လည် မောင်းနှင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Grab Myanmar ကုမ္ပဏီအနေဖြင့် ကမ်ပိန်း လှုပ်ရှားသူများ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ ကမ်ပိန်းလုပ်သူများ နှင့် တွေ့ ဆုံညှိနှိုင်းပြီးမှသာ သတင်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း Grab Myanmar မှ တာဝန်ရှိသူတဦးက ဧရာဝတီ ကို ပြောသည်။

ယာဉ်မောင်း အဖွဲ့ငယ်တခု၏ လှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် ရှိသည့် များပြားလှ သော Grab မိတ်ဖတ် ယာဉ်မောင်း ကွန်ရက်တခုလုံး၏ သဘောထား မဖြစ်နိုင်ဟု ယုံကြည်ကြောင်း၊ ၎င်းတို့အနေဖြင့် မိတ်ဖက် ယာဉ်မောင်းများ၏ အကျိုး စီးပွားတိုးတက်ရေးကိုု ဆက်လက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Grab Myanmar က ပြီးခဲ့သည့် မေလ ၁၈ ရက်က သတင်း ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံသို့ ၂၀၁၇ ဇူလိုင်တွင် စတင်မိတ်ဆက်ခဲ့သည့် စင်ကာပူနိုင်ငံ အခြေစိုက် Grab အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းသည် ယခုအခါ အသုံးပြုသူဦးရေ များပြားလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading