Reuters သတင်းထောက်နှစ်ဦး၏ တယ်လီဖုန်းနှစ်လုံးအား စစ်ဆေးခဲ့သည့် နေပြည်တော် မှုခင်းရဲတပ်ဖွ့ဲ (CID)၊ နည်းပညာ မှုခင်းဌာနမှ ရဲမှူး အောင်ကျော်ဆန်း ထွက်ဆိုတင်ပြခဲ့သည့် အစီအရင်ခံစာနှင့် စာရွက်ဓာတ်ပုံများအား သက်သေခံအဖြစ် လက်ခံကြောင်း ယနေ့မေ ၂၂ ရက်နေ့ ရုံးချိန်းတွင် တရားရုံးက ဆုံးဖြတ်လိုက်သည်။
ဖုန်းစစ်ဆေးမှုလုပ်ငန်းစဉ် အစီအရင်ခံစာနှင့် ဖုန်းအတွင်းမှ လျှို့ဝှက်စာရွက်မှတ်တမ်းဆိုသည့် CID ရဲမှူး၏ တင်ပြချက်များအား ဖမ်းဆီးခံ သတင်းထောက်များ၏ ရှေ့နေက ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း တရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။
သတင်းထောက်နှစ်ဦး၏ ရှေ့နေဦးသန်းဇော်အောင် က “ဖုန်းထဲကထုတ်ယူချက် မှတ်တမ်းမပြည့်စုံတာ၊ ဖုန်းတွေကို ထိန်းသိမ်းခဲ့တဲ့ ကွင်းဆက်တွေမပါတာ၊ စစ်ဆေးတဲ့ ဆော့ဝဲလ်ကို တင်ပြသူက သုံးစွဲခွင့်ရှိတယ် ဆိုတာတွေ ထင်ရှားမပြနိုင်လို့ ကန့်ကွက်ခဲ့တာ၊ စာရွက်စာတမ်း အများစုကလည်း အများပြည်သူ သိရှိပြီးသားတွေလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ယမန်နေ့ ရုံးချိန်းတွင် ဖုန်းထဲကရရှိသည့် လျှို့ဝှက်စာရွက်များဟုဆိုကာ CID ကတင်ပြခဲ့သည့် စာရွက် ၂၃ ရွက်အား ယနေ့ ရုံးချိန်းတွင် သတင်းထောက်နှစ်ဦး၏ ဖုန်းအား ဖွင့်ကာ တိုက်ဆိုင်စစ်ဆေးခဲ့ပြီး စာရွက် နှစ်ရွက်မှလွဲ၍ ကျန် ၂၁ ရွက်မှာ ဖုန်းအတွင်းရှိသည်ကို အတည်ပြုခဲ့သည်။
၎င်းစာရွက်များသည် မာန်အောင်ကျွန်း ခရီးသွားဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနအချို့မှ အစိုးရထံ သဘောထား တောင်ခံစာများ၊ မောင်တောဒေသ မူးယစ်ဆေးဖမ်းဆီးမှု သတင်းများ၊ NVC ကဒ်လုပ်ငန်းစဉ် ထုတ်ပြန်ချက်များ၊ ပုပ်ရဟန်းမင်းကြီး မြန်မာပြည်ခရီစဉ် လမ်းကြောင်းထုတ်ပြန်ချက်များ၊ ဒုရဲမှူးဟောင်း မိုးရန်နိုင် ရာထူးတိုး ထုတ်ပြန်ချက်နှင့် လွှတ်တော် ထုတ်ပြန်ချက်အချို့ ပါဝင်ကြောင်းသိရသည်။
ဖမ်းဆီးခံ သတင်းထောက် ကိုဝလုံး က “အစိုးရထုတ်ပြန်မယ့် ဘယ်သတင်းအချက် အလက်ကိုမှ မထိနဲ့ ဒါကမင်းတို့ လျှို့ဝှက်ချက် ဥပဒေနဲ့ ငြိတယ်ဆိုတာမျိုး နောက်သတင်းမယူရဲအောင် မက်ဆေ့ပေးချင်တဲ့ သဘောမျိုးလည်း လုပ်လာတယ်လို့ နားလည်တယ်၊ ဒါကိုကျနော်တို့ ဥပဒေကြောင်းအရ ပြန်ရင်ဆိုင်သွားမယ်” ဟု တရားရုံး အထွက်တွင် ပြောသည်။
ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ဒေတာအချက်အလက်များအား လျှို့ဝှက်ဟုဆိုကာ တင်ပြလာသည့် အချက်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကပင် လျှို့ဝှက်နေသလားဟု သတင်းထောက် ကိုကျော်စိုးဦးက မေးခွန်းထုတ်ခဲ့သည်။
တရားလိုပြသက်သေအဖြစ် ယခုတပတ်ထွက်ဆိုခဲ့သည့် ရဲမှူး အောင်ကျော်ဆန်းအား တရားခွင်အတွင်း စွပ်စွဲခံရသူများဘက်မှ စစ်ဆေးနိုင်ခြင်းမရှိခဲ့သည့် အတွက် လာမည့် မေလ ၂၈ ရက်နေ့ရုံးချိန်းတွင် ၎င်းကိုဆက်လက်စစ်ဆေးမည်ဖြစ်သည်။
Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက ဒုတပ်ကြပ် နိုင်လင်းနှင့် မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တခုသို့ သွားရောက်တွေ့ဆုံပြီး ဆိုင်မှပန်အထွက်တွင် ရခိုင်အရေး လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။