အစိုးရက သက်တမ်း ထပ်မံ မတိုးတော့သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လာဘ်ယူကာ ဆက်လက်တူးဖော်ခွင့်ပြုခဲ့သော တပ်မတော်အရာရှိကြီးများကို လက်ရှိ ထမ်းဆောင်နေသော တာဝန်များမှ ရပ်ဆိုင်းကာ အရန်အင်အားသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။
ဧရာဝတီမှ ကြည့်ရှုခွင့်ရခဲ့သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၁၈ ခုနှစ် မေလ ၂၀ ရက် နေ့စွဲပါ အရန်အင်အားစာရင်း တင်သွင်းခြင်း/ တွဲဖက်ခြင်း အခြေပြဦးစီးဇယားအရလည်းကောင်း၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၏ အဆိုအရလည်းကောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ လက်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူနေသူ ဗိုလ်ချုပ် ညီညီဆွေနှင့် အမှတ် ၁၀၁ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ဇံတို့သည် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုမှ “လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခြင်း”ကြောင့် စုံစမ်းအရေးယူခံရပြီး တာဝန်မှ ရပ်စဲခံရသည်။
NLD အစိုးရသည် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာ့ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကို ထိန်းချုပ်သည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း မရှိတော့ပေ။ သို့သော် ဖားကန့်နယ်မြေမှ အမှတ် ၁၀၁ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ဇံသည် ဆက်လက် တူးဖော်လိုသော ကုမ္ပဏီများအား အမြတ်ငွေ ၄ ပုံ တပုံကို လာဘ်ငွေယူ၍ တူးဖော်ခွင့် ဆက်လက်ပေးခဲ့ပြီး ယင်းလာဘ်ငွေမှ အချို့ကို သူ့အထက်မှ ဆရာဖြစ်သူ ဗိုလ်ချုပ် ညီညီဆွေကိုလည်း ဝေပေးကြောင်း ယင်းဖြစ်စဉ်ကို အရေးယူပေးရန် သစ်တောနှင့် သယံဇာတဝန်ကြီးကို ပြည်သူ့လွှတ်တော် နှင့် ပြည်တောင်စုလွတ်တော် အစည်းအဝေး များသို.ယင်းဝန်ကြီးလာရောက် စဉ် ၃ ကြိမ်တိုင်တိုင် တင်ပြခဲ့ဖူးသူ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ဧရာဝတီသို့ ပြောသည်။
“သက်တမ်းကုန်နေတဲ့ လုပ်ကွက်တွေက ဆက်လုပ်နေတယ်လို့ ဒေသခံတွေက တိုင်တယ်။ စုံစမ်းလိုက်တော့ တပ်မမှူးနဲ့ ကုမ္ပဏီနဲ့ပေါင်း ပြီး လုပ်စားနေတာ။ သိန်းက ရာနဲ့ချီပေးရတာ။ ကျနေ်ာကိုယ်တိုင်လည်း မြင်တယ်။ တွေ့လည်း တွေ့နေတော့ ပြီးခဲ့တဲ့ လွှတ်တော်မှာ ဝန်ကြီးကို နုတ်နဲ့ ၃ ကြိမ်လောက် တင်ပြခဲ့ရတယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ်ကုန် Global Witness အဖွဲ့က “ကျောက်စိမ်း — မြန်မာ့ထိပ်တန်းနိုင်ငံတော်လျှို့ဝှက်ချက်” ခေါင်းစဉ်ဖြင့် မြန်မာ့ကျောက်စိမ်းကုန်သွယ်မှုဆိုင်ရာ အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင် မြန်မာ့ကျောက်စိမ်း တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ရရှိကြောင်းနှင့် အခွန်ကောက်ခံမှု မရှိသည့် ယင်းဝင်ငွေအများစုသည် တပ်မတော် ထိပ်တန်းအကြီးအကဲများ၏နှင့် အဆက်အသွယ်ကောင်းသော ဒိတ်ဒိတ်ကြဲ စီးပွားရေးအုပ်စုအချို့ထံ စီးဝင်သွားကြောင်း ဖော်ပြသည်။ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်ဖျက်ဆီးခြင်းခံနေရသော ဖားကန့် ကျောက်စိမ်းဒေသသည် လက်နက်ကိုင် ပဋိပက္ခကို မီးထိုးပေးနေရာ စီးပွားရေးစားကျက်ကြီးလည်း ဖြစ်သည်။
မကြာသေးမီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော နေပြည်တော် အစိုးရက သမ္မတ အပြောင်းအလဲ ပြုလုပ်ပြီး သမ္မတသစ် ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရှိန်မြှင့်လာခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လတ်တလော အမှု ၁၈ မှုကို ကိုင်တွယ်နေရကြောင်း ပြောပြီး FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်ကို တရားစွဲထားသည်။ သို့သော် ယခု တပ်ဘက်မှ ကျူးလွန်သော ဖားကန့် “လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံ”ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ပိုင်ခွင့်သို့ လွှဲပေး မပေးက မသေချာပေ။
လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ဖားကန့်တွင် တပ်မမှူးက အုပ်ချုပ်ရေးကဏ္ဍ အပါအဝင် လုပ်ပိုင်ခွင့် အားလုံးကို ထိန်းချုပ်ထားပြီး အရပ်ဖက် အုပ်ချုပ်ရေးမှာ အားမကောင်း၍ ယခု ပြဿနာ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း ပြောသည်။ “ထွေ/အုပ်က ကလည်း လက် ထောက် ညွှန်မှူး အဆင့်ပဲ ရှိတော့ တပ်မမှူးကို ကြောက်ရတယ်။ အစည်းအဝေးတိုင်းမှာ တပ်မမှူးက အုပ်ချုပ်ရေးကို ဝင်ရောက် ချယ်လှယ်နေတာပဲ။ ဒေသတွင်းက ဘယ်လုပ်ပိုင်ခွင့်မဆို သူ့လက်မှတ်ပါမှ အလုပ်ဖြစ်သလို ဖြစ်နေတာ”ဟု ရှင်းပြသည်။
ဖားကန့်ဒေသတွင် ၂၀၁၂ ခုနှစ် မတိုင်မီက အရပ်ဘက် အုပ်ချုပ်ရေး အားကောင်းခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲများကြောင့် စစ်ဘက်က ဝင်ရောက်လွှမ်းမိုးလာပြီးနောက် နိုင်ငံအကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားသာ ရှာခဲ့ကြသည်ကို တွေ့ရကြောင်း ဖားကန့် ကိုယ်စားလှယ်က ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ သူတို့မှာ တာဝန်ရှိတယ်။ အခုတော့ ခရိုနီတွေ၊ တရုတ်တွေကိုကျတော့ အကာအကွယ်ပေးထားတယ်။ တကယ့် ကျောက်စိမ်းတွင်းကြီးတွေနားကို ဒေသခံတွေ၊ တိုင်းရင်းသားတွေ အနားတောင် မကပ် နိုင်ကြတော့ဘူး။ ကချင်တွေ၊ တိုင်းရင်းသားတွေကိုကျတော နှိပ်ကွက်ထားတယ်လေ”ဟု ဦးတင်စိုးက ပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ၂၀၁၈ ဧပြီလတွင် ရွှေ့ပြောင်းတာဝန်ထမ်းခဲ့သူ ဗိုလ်ချုပ် ညီညီဆွေအား အရန်အင်အားအဖြစ် အရာချခြင်းမှာ ဖားကန့်ဒေသ ကျောက်စိမ်းတွင် လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ရုံမက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ တနိုင်းဒေသ စစ်ဆင်ရေးများတွင် အကျအဆုံးများပြီး စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်မှု မရရှိခြင်းကြောင့်ဟုလည်း စစ်ရာထူးခန့်ချုပ်ရုံးက အကြောင်းပြထားသည်။
ထို့ပြင် ဖားကန့်ဒေသ တပ်မ ၁၀၁ မှ ဒုတိယ တပ်မမှူး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှိုင်ဝင်းတို့သည်လည်း စစ်ဆင်ရေး ရည်မှန်းချက်များတွင် အောင်မြင်မှု မရှိဘဲ တံတားညီနောင် ထိတွေ့မှု ဖြစ်စဉ်တွင် စစ်သည်၊ အရာရှိများ ဆုံးရှုံးခဲ့ရမှုကြောင့် တပ်မတော် အရန် အင်အားသို့ ပြောင်းရွေ့ခံခဲ့ရသည်။
လက်ရှိတွင် တပ်မတော်က ဖားကန့်ဒေသနှင့် တနိုင်းဒေသဘက်တွင် တပ်အင်အား ဖြည့်စီး၍ နယ်မြေ ရှင်းလင်း ရေးများ လုပ်ဆောင်နေပြီး နှစ်ဘက် ထိတွေ့ပစ်ခတ်မှုများ ရှိနေသည်။ တပ်မတော် — လေမှ ပစ်ကူပေး တိုက်ခိုက်သည်အထိ တိုက်ပွဲအခြေအနေ ပြင်းထန်နေခဲ့ပြီး ကချင်တိုင်းရင်းသား ၆၁၀၀ ကျော် နေအိမ်များကို စွန့်ခွာကာ စစ်ဘေး လွတ်ရာ ထွက်ပြေးကြရသည်။ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရသူများမှာ တနိုင်းမြို့နယ်မှ စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀၀ ကျော်ဖြစ်သည်။
တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ခံရသူ တပ်မတော် အရာရှိကြီးများထဲတွင် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦးလည်း ပါဝင်သည်။ စစ်ရာထူးခန့်ချုပ်ရုံး ထုတ်ပြန်ချက်အရ ၎င်းသည် “ရခိုင်ပြည်နယ် စစ်ဆင်ရေး နယ်မြေတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်ဖြိုခွင်းခဲ့မှုတွင် ဦးဆောင်တာဝန်ရှိသူ ဖြစ်ခြင်း”ဟု အကြောင်းပြထားသည်။
ယင်းသည် ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် အကြမ်းဖက်သူများအား အရေးယူရန် ကတိကဝတ်ကို ဖြည့်ဆည်းရန်နှင့် ဒုက္ခသည် ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသည့် အကြောင်းရင်းများကို ဖြေရှင်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းအပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင်များ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုကို ဖြစ်ပေါ်စေသော မြန်မာ့တပ်မတော်၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကို “လူမျိုးသုဉ်း ရှင်းလင်းမှု” “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု”အဖြစ် တံဆိပ်ကပ်နေခဲ့ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းက ရခိုင်ပြည်နယ်တွင် တပ်မတော်၏ စစ်ဆင်ရေးများကို ဖြစ်ပေါ်စေခဲ့သော အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် ARSA အဖွဲ့၏ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း ဟိန္ဒူနှင့် မြို လူနည်းစုများအား ARSA အဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့မှုများအပေါ် စုံစမ်းစစ်ဆေးထားသော အစီရင်ခံစာကို ယမန်နေ့ မေလ ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အထက်ပါ စစ်ရာထူးခန့်ချုပ်ရုံးမှ အရန်အင်အားသို့ ရွှေ့ပြောင်းခြင်းကိစ္စအား တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ် စိုးနိုင်ဦးထံသို့ တယ်လီဖုန်း ၃ ကြိမ် ခေါ် ဆိုခဲ့သော်လည်း ဖုန်းကိုင်ဆောင်ခြင်း မရှိဘဲ အခြား အဖွဲ့ဝင်တဦးဖြစ်သူ ဗိုလ်မှူးကြီး မြတ်မင်းဦးကို ဆက်သွယ်ရာတွင် ယခုကိစ္စရပ်များကို ၎င်းမသိကြောင်း ငြင်းဆိုခဲ့သည်။