သတင်း

သိန်းထောင်ချီကုန်ကျခံပြင်ဆင်ခဲ့သည့် စစ်တွေတက္ကသိုလ် အချိန်မရွေးပြိုကျနိုင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင်တည်ရှိသော စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သော အဆောက်အဦကို အထက(၁) စာသင်ဆောင်အဖြစ်အသုံးပြုနိုင်ရန် ကုမ္ပဏီတခုအား တင်ဒါပေးကာ သိန်းထောင်ချီ အကုန်ကျခံပြီး ပြုပြင်ထားသော်လည်း အချိန်မရွေးပြိုကျနိုင်ကြောင်း ပြောလာသည့်အတွက် အသုံးပြုရန် သင့်၊ မသင့်ကို အထက်ဌာနသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

သို့ဖြစ်ရာ သက်ဆိုင်ရာမှ သွားရောက်စိစစ်ပြီး စာသင်ဆောင်အဖြစ် အသုံးပြုသင့်၊ မပြုသင့်ကို အထက်ဌာန ဖြစ်သည့် အခြေခံပညာ ဦးစီးဌာနသို့ တင်ပြထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွန်ကြားရေးမှူး ဖြစ်သူ ဦးစိန်ထွန်းလှက ပြောသည်။

ဦးစိန်ထွန်းလှက “ ဒီကျောင်းဟာ ၁၈၈၅ ခုနှစ်ကတည်းက ဆောက်ခဲ့တာ နှစ်ပေါင်း ၁၃၀ ကျော် သွားပြီ။ ဒီထဲမှာသံတွေလည်းဆွေးနေပြီလို့ ကိုမြင့်ဌေးက ပြောပြတယ်။ သူက ကုမ္ပဏီပိုင်ရှင် ဖြစ်သလို အင်ဂျင်နီယာတယောက်လည်းဖြစ်တယ်။ သက်တမ်း တော်တော်လွန်နေပြီဖြစ်တဲ့အတွက် အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်တယ်လို့ပြောပါတယ်။ သူကပြောမှ ကျနော်တို့လည်း သိတာ။

အဆောက်အဦကို ပြုပြင်တာကတော့ ကျနော်တို့ ပညာရေးရန်ပုံငွေနဲ့လုပ်တာ။ မပြုပြင်မီ အရင်ဆုံးစိစစ်ခဲ့သလား၊ မစိစစ်ဖူးလား ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကျနော်တို့ မသိဘူး။ အရင်တုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်ကျော်ထွန်းပဲသိမယ်။ ကျနော်တို့သိတာက အဆောက်အဦပြုပြင်တဲ့ ကုမ္ပဏီပိုင်ရှင်ပြောမှပဲ သိတာ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အဆောက်အဦကို ယခင်က စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စစ်တွေတက္ကသိုလ်မှ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးကာ အထက ( ၁ ) စာသင်ဆောင်အဖြစ် အသုံးပြုရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလက Assition -1 ကုမ္ပဏီကို တင်ဒါပေးခဲ့ရာ ကျပ်သိန်း ၂၀၀၀ ကျော် အကုန်ကျခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အဆောက်အဦအား ပြန်လည် အပ်နှံခဲ့ကြောင်းသိရသည်။

ယင်းအဆောက်အဦအား ပြည်နယ်ပညာရေးရန်ပုံငွေထဲမှ တင်ဒါပိုလျှံငွေအပါအဝင် ခေါင်းစဉ် ၇ ခုဖြင့် ဌာနအတွင်း ရှိသည့်ငွေများကို ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခွင့်ပြုရန် အခြေခံပညာ ဦးစီးဌာန ကိုတင်ပြပြီး ဆောင်ရွက်လုပ်ကိုင်ခြင်း ဖြစ်သည်။

ရခိုင်ဒေသခံများကလည်း ငွေကြေးကုန်ကျခံ ပြင်ဆင်ပြီးမှသာ ပြိုကျနိုင်ကြောင်း ပြောကြားလာခြင်း၊ စတင်ပြင်ဆင်ကတည်းက အဆောက်အဦ၏ ခိုင်ခံ့မှုအခြေအနေများကို တွက်ချက် လေ့လာပြီး ပြုပြင်၍ ရ၊ မရဆိုသည့်ကိစ္စရပ်များကို သေချာစိစစ်ခြင်းမရှိဘဲ ဖြစ်သလိုတင်ဒါပေး လုပ်ဆောင်ခြင်းမှာ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးရာရောက်ကြောင်းလည်း ဝေဖန်ပြောဆိုလျက်ရှိသည်။

စစ်တွေမြို့ပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်တဦးလည်းဖြစ်၊ တက္ကသိုလ်ကျောင်းသားဟောင်း တဦးလည်းဖြစ်သူ ကိုစိုးနိုင်က “သိန်းနှစ်ထောင်ကျော်လောက် အကုန်ခံပြီးတော့ ဆေးဆိုး၊ ပန်းရိုက်ပြန်လုပ်တယ်။ အဲဒီအဆောက်အဦ ကြံခိုင်မှု ရှိ၊မရှိကို အရင်မစိစစ်ဘူးလား။ အကုန်လုပ်လို့ပြီးမှ ဒီဟာ အန္တရာယ်ရှိအဆောက်အဦ ဆိုတာကတော့ ကျနော့်အမြင်ပြောရမယ်ဆိုရင် တာဝန်ယူမှုမရှိ၊ တာဝန်ခံမှုမရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးရာရောက်တယ်လို့ မြင်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စစ်တွေတက္ကသိုလ်အဆောက်အဦးမှာ လွန်ခဲ့သောနှစ် ၂၀ ခန့်ကလည်း အဆောက်အဦး ပြိုကျမှုဖြစ်ပွားခဲ့သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ဖူးကြောင်း သိရသည်။

ယင်းကို ကိုလိုနီခေတ် ၁၈၈၅ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်က စစ်တွေ အထကကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားခဲ့သော အဆောက်အဦးဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်း ကောလိပ်ကျောင်းများဖွင့်လှစ်ခဲ့ရာ ၎င်းကျောင်းဆောင်ကိုအသုံးပြုခဲ့ရာ ဒေသကောလိပ်၊ ဒီကရီကောလိပ်အဖြစ် စသည့်ဖြင့်အသုံးပြုခဲ့ကြောင်း ၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တွေကောလိပ်မှနေ စစ်တွေတက္ကသိုလ်အဖြစ် အဆင်မြှင့်တင်ခဲ့ကြောင်းလည်း သိရသည်။

ယခုအချိန်တွင် စစ်တွေတက္ကသိုလ်ကျောင်းဆောင်သစ်ကို ဘုမေကျေးရွာတွင် တည်ဆောက်ဖွင့်လှစ် ထားပြီးဖြစ်သောကြောင့် ၂၀၁၆ ခုနှစ်တွင် စစ်တွေတက္ကသိုလ်မှ အခြေခံပညာဦးစီးဌာန ၊ ပြည်နယ် ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်းလည်းဖြစ်သည်။

စစ်တွေတက္ကသိုလ်အဖြစ်အသုံးပြုခဲ့သော အဆောက်အဦကို တက္ကသိုလ်ကျောင်းသားဟောင်းများက အထက်တန်း ကျောင်းဆောင် အဖြစ် အသုံးမပြုဘဲ တက္ကသိုလ်နှင့်သက်ဆိုင်သည့် ပရဝုဏ် တခုအဖြစ်သာ ထားရှိစေချင် ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading