ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်တွင် ကမ္ဘာ့လှည်ခရီးသွား တရုတ်အမျိုးသမီးတဦး ပြန်ပေးဆွဲခံရမှု တွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲအရာရှိတဦး ပါဝင်ပတ်သက်နေကြောင်း ထိုင်းခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲမှူးချုပ် Surachate Hakparn ပြောကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၆ရက်နေ့ ညပိုင်းက ဟောင်ကောင်မှ လာရောက်သည့် အသက် ၃၉နှစ်အရွယ် ကျင်ခိုင်ချင်း ဆိုသူ အမျိုးသမီးကို သုဝဏ္ဏဘူမိလေဆိပ်တွင် လူ ၅ဦးက ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်။
ပြန်ပေးဂိုဏ်းက ယွမ် ၃သန်း(ဘတ်ငွေ ၁၅သန်း) တောင်းခံခဲ့ပြီးနောက်၊ သူမ၏ ခင်ပွန်းဖြစ်သူ ဟန်ယောင်လန်းက ယွမ်ငွေ ၁.၉သန်း(ဘတ်ငွေ ၁၀သန်း)သာ ပေးသဖြင့် ပြန်မလွှတ်ရာမှ မေလ ၁၈ရက်နေ့တွင် ခင်ပွန်းဖြစ်သူက ရဲသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ယင်း တရုတ်အမျိုးသမီးမှာ ၁၄ရက်ကြာ ချုပ်နှောင်ခံရပြီး၊ ရဲတပ်ဖွဲ့၏ စုံစမ်းရှာဖွေမှု ဖိအားမြင့်လာ သဖြင့် ပြန်ပေးဂိုဏ်းက မေလ ၁၉ရက်နေ့ ည ၁၁နာရီတွင် ဘန့်နာထရက် လမ်းဘေးတနေရာတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ပြန်ပေးဂိုဏ်းတွင် တရုတ်လူမျိုး ၄ဦး၊ ထိုင်းအမျိုးသမီး တဦးနှင့် အခြားသူများစွာ ပါဝင်နေပြီး၊ ဆမွတ်ပရာကန် လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့ရုံးမှ အမည်မဖော်လိုသူ ရဲတပ်ကြပ် တဦးလည်း ဆက်နွယ်နေကြောင်း ရဲမှူးချုပ် Surachate Hakparn ကပြောသည်။
အဆိုပါ ဂိုဏ်းကို လေဆိပ် CCTV မှတဆင့် ခြေရာခံထောက်လှမ်းရာ ပြန်ပေးသမား ၅ဦးဖြစ်ကြောင်း ရဲက အတည်ပြုနိုင် ခဲ့ပြီးနောက် ယင်းအမျိုးသမီးကို ဘန်ကောက်မြို့ရှိ ဟိုတယ်တလုံးတွင် ဖမ်းထားကြောင်း စုံစမ်းနိုင်ခဲ့သည်။
ထို့နောက် ပတ္တရား၊ ရနောင်းစသည့် ဒေသများတွင် ပြောင်းရွေ့ချုပ်နှောင်ပြီးနောက် ဘန်ကောက်သို့ ပြန်လည် ခေါ်ဆောင် လာကြောင်း၊ လွတ်မြောက်လာပြီးနောက် သူမက ခင်ပွန်းထံဆက်သွယ်ပြီး ဖြစ်စဉ်အသေးစိတ်ကို ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ ကြောင်း ရဲမှူးချုပ် Surachate Hakparn ကဆိုသည်။
ယခုအခါ ပြန်ပေးဆွဲမှုတွင် သံသယရှိသည့် တရုတ်လူမျိုး ၄ဦးဖြစ်သည့် ဝမ်ကိုင်ဆန်၊ မိုင်ဆောင်၊ ဒေါင်းလိုင်းဆန်နှင့် မဲလင့်ကိုင်တို့မှာ ထိုင်းနိုင်ငံ ထွက်ပြေး တိမ်းရှောင်သွားပြီဟု သိရသည်။