မြန်မာနိုင်ငံ၏ “ငြိမ်းချမ်းရေးအတွက် စီးပွားရေး” ချဉ်းကပ်မှုပုံစံသည် တိုးတက်မှု ရှိနေကြောင်း ဘောဂဗေဒ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ ငြိမ်းချမ်းရေးအတွက် စီးပွားရေးအစီစဉ်ကို ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ယမန် နှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးတည်ဆောက်မှု မြှင့်တင်နိုင်ရန် မေလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပသည့် နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲတခုတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဖါ့ယက်တက္ကသိုလ် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ငြိမ်းချမ်ရေးသိပ္ပံနှင့် ကမ္ဘာလုံးဆိုင်ရာ မျှတသောကုန်သွယ်မှုအဖွဲ့ အာရှဌာန (WFTO Asia) တို့က စီစဉ်ကျင်းပခြင်း ဖြစ်သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ၏ ဒုဥက္ကဌလည်းဖြစ်သော ဒေါက်တာအောင်ထွန်းသက်က သူ၏ ဟောပြောချက်အတွင်း စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းစံပုံစံကို မြန်မာနိုင်ငံတွင် “ငြိမ်းချမ်းရေးအတွက် စီးပွားရေး” စံ ပုံစံဟု ခေါ်ကြောင်း ရှင်းပြခဲ့သည်။
ထိုချဉ်းကပ်မှု စံပုံစံသည် အောင်မြင်မှု ရရှိနေပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသော အဖွဲ့များလည်း ပါဝင်လုပ်ဆောင်နေသည်ဟု ဒေါက်တာအောင်ထွန်းသက်က ဧရာဝတီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။
အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်လည်း အပြင်းအထန် ကြိုးစားနေသည်။ ထိုရင်းနှီးမြှုပ်နှံမှုများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပြန်လည်ထူထောင်ရေးနှင့် ထိုဒေသများတွင် တည်ငြိမ်ပြီး ခိုင်မြဲသော စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အထောက်အကူပြုနိုုင်လိမ့်မည်ဟု သူက ဆိုသည်။
“အပစ်အခတ်ရပ်စဲထားတဲ့ဒေသတွေမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ကြတယ်။ ထိုင်းနဲ့စင်္ကာပူက ကုမ္ပဏီ တော်တော်များများနဲ့ ကျနော်စကားပြောဖြစ်တယ်။ သူတိုု့လည်း စိတ်ဝင်စားတယ်။ အဲဒီ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ရင် ပြည်နယ်တိုင်းဒေသကြီးတွေအတွက် အခွင့်အရေးတွေ ကောင်းတာပေါ့” ဟုလည်း သူပြောသည်။
ငြိမ်းချမ်းရေးရရှိရေး အစိုးရ၏ အားထုတ်မှုများရှိနေသော်လည်း ကရင်ပြည်နယ် ဖါပွန်ခရိုင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် တပ်မတော်အကြား မကြာသေးမီက စစ်ရေးတင်းမာမှုများရှိခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သံသယများ မြင့်မားလာခဲ့သည်။
တချိန်တည်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ဘက်ပိုင်းတို့တွင် မြောက်ပိုင်းမဟာ မိတ်အဖွဲ့ဝင်များဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်- KIA ၊ တအောင်းန် အမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA နှင့် ရက္ခိုင့်တပ်မတော် -AA တို့နှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မတည်ငြိမ်သော ရခိုင်ပြည်နယ်အရေးကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
လေ့လာသူအများစုက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မမြင် ဖြစ်နေသည်ဟု မြင်ကြသော်လည်း ဒေါက်တာအောင်ထွန်းသက်က ထိုအချက်ကိုသဘောမတူဘဲ တိုးတက်ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည်ဟု ဆိုသည်။
ဖွံ့ဖြိုးရေးစီမံကိန်းကြီးများနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ချဉ်းကပ်မှု ပုံသဏ္ဍာန်သည် ယခင်ကနှင့် မတူတော့ကြောင်း သူ ရှင်းပြသည်။ စီမံကိန်းများကြောင့် ဖြစ်လာနိုင်ခြေရှိသော သက်ရောက်မှုများနှင့် ပတ်သက်ပြီး အဓိက ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
“ဥပမာပြောရရင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ လူမှုအခြေပြုအဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်နေတယ်။ သူတို့မှာ စီမံကိန်းအပေါ် ကန့်ကွက်ချက် အများအပြားရှိပြီး ကျနော်တို့ကလည်း ဒီကန့်ကွက်မှုတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို နားလည်အောင် ကြိုးစားတယ်” ဟု ၎င်းက ရှင်းပြသည်။
ဒေါက်တာအောင်ထွန်းသက်သည် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် တဦးလည်းဖြစ်သည်။ စီးပွားရေးနှင့် ပတ်သက်သောဆွေးနွေးမှုများကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအဖွဲ့ဝင်များ နှင့်လည်း ပြုလုပ်လျက်ရှိသည်ဟု သူက ဆိုသည်။
“အခုဆိုရင် ကျနော်တို့က ပအို့ဝ်ဒေသမှာ စီးပွားရေး အခွင့်အလမ်းတွေ ဖေါ်ထုတ်နေတယ်။ တနင်္သာရီတိုင်းမှာ ကရင်အမျိုးသား အစည်းအရုံးနဲ့ လုပ်နေပြီး ကရင်နီ (ကယား) ပြည်နယ်မှာလည်း လုပ်နေတယ်” ဟု သူပြောသည်။ ( ကရင်နီပြည်နယ်မှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသော လက်နက်ကိုင်အုပ်စု ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ – KNPP သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးနေသည်။)
ဖါ့ယက်တက္ကသိုလ် အလုပ်ရုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ် စွန့်ခွာရသူများ အရေး၊ အများပြည်သူဆိုင်ရာ မူဝါဒ၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ၏ အရေးပါမှုနှင့် မျှတသော ကုန်သွယ်ရေး အလေ့အထများ စသည်ဖြင့် အကြောင်းအရာများ ပါဝင်သည်။
တက်ရောက်ဆွေးနွေးသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစိုုက်မတ်မတ် လေ့လာထားသူများ၊ နယ်စပ်အခြေစိုက်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် စီးပွားရေး စံ ပုံစံကို အသုံးပြုရေးကို ဦးဆောင်သူများဖြစ်သောကြောင့် ဆွေးနွေးမှုများသည် များစွာ အကျိုးပြုသည်ဟု ဖါ့ယက် တက္ကသိုလ် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေး သိပ္ပံမှ ပါရဂူဘွဲ့ ကျောင်းသူနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် ညှိုနှိုင်းသူအဖြစ် ဆောင်ရွက်သူ မမွန်မွန်မြတ်က ပြောဆိုသည်။
ဟောပြောသူများသည် ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး စသည့် အကြောင်းရာများ ပါဝင်သဖြင့် အထူးအကျိုးရှိသည်ဟု WFTO Asia မှ ဒါရိုက်တာ အဖွဲ့ဝင် ရိုးပါ မီထာ ကပြောသည်။
ထို အလုပ်ရုံဆွေးနွေးပွဲတွင် ဒုက္ခသည် အမျိုးသမီးများ၏ အနုပညာနှင့် လက်မှုပစ္စည်းများကိုလည်း ခင်းကျင်းပြသခဲ့သည်။ ထိုပြပွဲလက်ရာများသည် အမျိုးသမီးများ စွမ်းရည်တိုုးတက်မြှင့်တင်ရေး ဖောင်ဒေးရှင်း ဖြစ်သည့် (WEAVE) ၏ အကူအညီဖြင့် မြန်မာဒုက္ခသည် အမျိုးသမီးများ ဖန်တီးထားသည့် ပစ္စည်းများလည်း ပါဝင်သည်။ WEAVE သည် ထိုင်းနယ်စပ်ရှိ ဒုက္ခသည် အမျိုးသမီးများအား ကူညီပေးသည့် လုပ်ငန်းများ ဆောင်ရွက်နေပြီး မျှတသောကုန်သွယ်ရေး အလေ့အထ ကျင့်သုံးသည့် WFTA Asia ၏ အဖွဲ့ဝင်လည် းဖြစ်သည်။
“WEAVE အပါအဝင် WFTO Asia ရဲ့အဖွဲ့ဝင်တွေဟာ ဒုက္ခသည်တွေအအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးတယ်။ သူတို့ ထုတ်လုပ်တဲ့ပစ္စည်းတွေကို လက်လီလက်ကား ရောင်းနိုင်အောင် လုပ်ပေးတယ်။ ဒီပစ္စည်းတွေ ဝယ်ခြင်းအားဖြင့် ဒုက္ခသည် အသိုင်းအဝန်းကို အထောက်အကူပြုရာလည်း ရောက်ပါတယ်”ဟု ရိုးပါ မီထာကပြောဆိုသည်။
ဒေသတွင်း မျှတသော ကုန်သွယ်ရေး အလေ့အထများသည် လွန်ခဲ့သော ဆယ်စုနှစ်တခုကထက် ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုကျယ်ပြန့်လာကြောင်းနှင့် ၎င်းတို့သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စေရန် အကျိုးပြုနေကြောင်း သူမက ဆိုသည်။
“ဒီထက် ပိုမိုကျယ်ပြန်တဲ့ အစီအစဉ်ကတော့ အပစ်ပယ်ခံလူတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အသက်မွေးဝမ်းကြောင်း ဖန်တီးဖို့ ဖြစ်ပါတယ်။ ဒါကို ဖန်တီးနိုင်ဖို့က ဆက်စပ်နေတဲ့ အချက်တွေဖြစ်တဲ့ မညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ လုပ်ခတန်းတူရေး၊ ကျားမတန်းတူရေး၊ ကလေးလုပ်အား၊ သဘာဝပတ်ဝန်းကျင်နဲ့ ဘေးအန္တရာယ်ကင်းတဲ့လုပ်ငန်းခွင် စတဲ့ပြဿနာတွေကို ဖြေရှင်းရမှာတွေ ပါဝင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
(အင်္ဂလိပ်ဘာသာဖြင့် ‘Business for Peace’ Model Utilized in Nationwide Peacebuilding တွင် ဖတ်ရှုပါ။)