တရားမဝင်သစ်များ ဖမ်းမိမှုတွင် ဖမ်းဆီးထားသူနှစ်ဦးအား လွှတ်ပေးကာ ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်ခဲ့သည့် ကျောက်ဆည်မြို့ စခန်းမှူးနှစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ ဝင် ၅ ဦးအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့တရားရုံးက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေပုဒ်မများဖြင့် ယနေ့မေ ၂၃ ရက်နေ့တွင် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း အမှုနှင့်ပတ်သက်သည့် ရဲအရာရှိတဦး က ပြောသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲတရားရုံးအနေဖြင့် ဖမ်းဆီးထားသူ ၅ ဦးနှင့် အမှုကိုဖော်ထုတ် တိုင်ကြားခဲ့သည့် ရဲတပ် သားများအား မေလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ သုံးရက်ကြာ စစ်ဆေးပြီးနောက် ဖမ်းဆီးထားသူများကို စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအမှုတွင် ပါဝင်နေသည့် ရဲတရာရှိ တဦး က “စစ်ဆေးချက်တွေမှာ မြို့နယ်မှူးနဲ့ စခန်းမှူး အသစ်ကတော့ အမှုနဲ့ပတ်သက်ပြီး ဝန်ခံသလို ပြောသွားတယ်၊ ကျန်တဲ့သူတွေကတော့ ဝန်မခံဘူး၊ အမှုဆုံးဖြတ်ချက် ချဖို့ ရဲချုပ်ရုံးကို တင်ပို့တော့မှာပါ” ဟု ပြောသည်။
ရဲတရားရုံးအနေဖြင့် ဖမ်းဆီးထားသူများအား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မများဖြင့် အမှုစွဲချက်တင်ရာတွင် ကျောက်ဆည် စခန်းမှူးဟောင်း ဒုရဲမှူး မြင့်ဦးနှင့် စခန်းမှူးသစ် ဒုရဲမှူး ဝင်းနိုင်တို့ကို ပုဒ်မ ၁၃(က)/၁၆(ခ)/၁၇(င)/၂၂ ဖြင့်လည်းကောင်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သန်းထိုက်အား ၁၃(ခ)/၁၆(ခ)/၂၂ ဖြင့်လည်းကောင်း၊ ဒုတပ်ကြပ် ချစ်စန်းကိုအား ပုဒ်မ ၁၃(ခ)/၁၆(ခ)/၁၇(င) ဖြင့်လည်းကောင်း၊ အခင်းဖြစ်ညတွင် တာဝန်မှူးဖြစ်သူ ဒုရဲအုပ် ကိုကိုလင်း အား ပုဒ်မ ၁၆(ခ)၂၂ ဖြင့်လည်းကောင်း အသီးသီးစွဲတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတရားရုံး၏ စစ်ဆေးမှုများနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရခြင်းမရှိသည့် ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော် က ၎င်းအနေဖြင့် ဘာမှမပြောနိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။
ကျောက်ဆည်မြို့တွင် ဧပြီ ၂၅ ရက်နေ့ ညပိုင်းက ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့မှ တရားမဝင်သစ်များ ဖမ်းမိသည့် အတွက် အရေးယူဆောင်ရွက်ရန် စခန်းသို့ပြန်ခေါ်ဆောင်လာခဲ့သော်လည်း စခန်းမှူးဟောင်း ဒုရဲမှူး မြင့်ဦးက ဆူပူကြိမ်းမောင်းခဲ့ပြီး ဖမ်းထားသူနှစ်ဦးကို လွှတ်ပေးကာ အမှုအား ပိုင်ရှင်မဲ့အဖြစ်သာ ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့အမှုဖွင့်အပေါ် ကျေနပ်မှုမရှိသဖြင့် ကိုယ်တိုင်ဖမ်းဆီးခဲ့သည့် ရဲတပ်သားများမှ ကျောက်ဆည်မြို့ခံ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့နှင့် ပူးပေါင်းကာ အကျင့်ပျက် ရဲဝန်ထမ်းများအား အရေးယူပေးရန် မေလ ၂ ရက်နေ့က ပြည်ထဲရေး ဒုဝန်ကြီးထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ တိုင်းကြားစာတွင် စခန်းမှူးမှ ၎င်းတို့နှစ်ဦးအား အခန်းတွင်ခေါ်ယူကာ “မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းတာလဲ၊ အခုမြို့နယ်မှူးက လွှတ်ပေးဖို့ ငါ့ကိုကြိမ်းနေပြီ” ဟု ပြောဆိုကာ အသစ်ရောက်ရှိလာသည့် ဒုရဲမှူးဝင်းနိုင်ရှေ့တွင် ဆူပူကြိမ်းမောင်း ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ထို့သို့ဆူပူနေစဉ် စခန်းအတွင်းသို့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်နှင့် အတူ ရောက်ရှိလာသည့် ပြည်ပန်းကျေးရွားနေ မုံလာ(ခ) အောင်စိုးမိုး၏ ကားပေါ်သို့ ဒုတပ်ကြပ်ချစ်စန်းကိုမှ ဖမ်းဆီးထားသူနှစ်ဦးအား တင်ပေးကာ လွှတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
၎င်းတို့၏ တိုင်ကြားချက်တွင် ပါဝင်သည့် ရဲ ၅ ဦးအား တိုင်းရဲတပ်မှူးကြီး ကိုယ်တိုင် မေလ ၇ ရက်နေ့တွင် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်အား နှုတ်ထွက်ရန် နှုတ်ဖြင့်ပြောဆိုခဲ့ကြောင်း စခန်းမှ ရဲတပ်ဖွဲ့တဦးက ပြောသည်။
ထို့ပြင် သစ်နှင့်အတူ ဖမ်းဆီးထားသူ နှစ်ဦးအား လာရောက်ခေါ်ဆောင်သွားသည့် မုံလာဆိုသူအား ကျောက်ဆည်ရဲစခန်းမှ မေလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် တရားစွဲဆိုခဲ့ကာ သက်သေခံကားအား သိမ်းဆည်းထားကြောင်း သိရသည်။
လက်ရှိတွင် အမှုအားကျောက်ဆည် ရဲစခန်းမှ ပိုင်ရှင်မဲ့ဆိုသည့် အချက်ကို ပြင်ဆင်ကာ ဆက်လက်စုံစမ်းလျှက် ရှိသော်လည်း ပြန်လွှတ်ပေးခဲ့သည့် သစ်နှင့်အတူဖမ်းမိသူနှစ်ဦးအား ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။