Crime

တပ်မတော်အရာရှိအိမ်က အိမ်အကူ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဆရာဝန်အတည်ပြု

Want create site? Find Free WordPress Themes and plugins.

လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေ တပ်မတော်အရာရှိ တဦး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်နေသော အိမ်အကူ အမျိုးသမီး သေဆုံးမှုမှာ အူအတွင်း ပေါက်ပြဲဒဏ်ရာကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ ရုပ်အလောင်းကို ခွဲစိတ် စစ်ဆေးခဲ့သည့် တွံတေးမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင် က ဧရာဝတီသို့ အတည်ပြုပြောကြားလိုက်သည်။

သေဆုံးသူ အသက် ၃၈ နှစ်အရွယ် မခင်သန္တာဦး (ခ) ကရင်မ (ခ) ဒါနဆန် သည် ကလေး ၄ ဦး၏ မိခင်ဖြစ်ပြီး အဆိုပါ တပ်မတော် အရာရှိ အိမ်၌ အလုပ်လုပ်နေရာမှ ကျန်းမာရေး မကောင်းဟုဆို၍ နေရပ်ရင်း တွံတေးမြို့နယ် ၊ ခတ္ထိယကျေးရွာအုပ်စု အုပ္ဖိုလ်ကျေးရွာသို့ မေလ ၁၉ ရက်နေ့က ပြန်ပို့ခဲ့ပြီး ထိုနေ့မှာပင် ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာ နေဝင်းသွင် က“အူပေါက်ခြင်းခွဲစိတ်ပြီး ပြန်ဖာလိုက်ရင် ကောင်းသွားမှာပါ။ မခွဲမစိတ်၊ မဖာဖြစ်လို့ သုံးရက် လေးရက်လောက် ကြာသွားလို့ သာလျှင် အူပေါက်တော့ အစာရေစာနည်းသွားတယ်။ ခန္ဓာကိုယ် ရေခန်းခြောက်သွားတယ်။ အူကနေထွက်လာတဲ့ အရည်တွေကြောင့် ဝမ်းခေါင်းမှေးတွေရောင်သွားတယ်။ ဗိုက်ကြီးဖောင်းလာတယ်။ အပြင်ခန္ဓာကိုယ်ထဲမှာ မစင်တွေ ပြန့်နှံ့တော့ အဆိပ်အတောက် တွေဖြစ်သွားတယ်။ အဲဒီကနေစတာပါ” ဟု ဆိုသည်။

အူပေါက်သည့် နေရာအနီးအပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်ပြင်ပတွင်လည်း တုံးသောပစ္စည်း တခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲဒဏ်ရာများ၊ စုတ်ပြဲဒဏ်ရာများတွေ့ရှိရကြောင်းလည်း ဒေါက်တာ နေဝင်းသွင်က အတည်ပြုပြောကြားသည်။

မခင်သန္တာဦး (ခ) ကရင်မ (ခ) ဒါနဆန် ကို တပ်မတော် အရာရှိ၏ ဇနီးကိုယ်တိုင် နေအိမ်သို့ လာရောက် ပို့ဆောင်ပြီး တနာရီခန့် အကြာတွင် သေဆုံးသွားခဲ့ပြီး မသေဆုံးခင်တွင် အနှိပ်စက်ခံခဲ့ရကြောင်းကို ဖွင့်ဟပြောပြခဲ့ကြောင်း ခတ္ထိယ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးက ပြောသည်။

ဦးဝဏ္ဏစိုး က “မကရင်မက အခြေအနေမကောင်းတော့ အုပ်ချုပ်ရေးမှူး ချက်ခြင်းလာပါဆိုတော့ ကျနော် ရဲစခန်းကိုသွားတယ်။ ပြောပြတော့ ဖြစ်စဉ်မေးတာနဲ့ အုပ်ချုပ်ရေးမှူး နှစ်ယောက်ကိုခေါ်ပြီး ပြန်သွားမယ်ပဲရှိသေးတယ်။ မကရင်မဆုံးပြီတဲ့။ ကျနော့် မျက်မြင်တော့ ညာဘက်မျက်ခုံးမှာ ကွဲထားတယ်။ ရင်ဘတ်မှာ လက်သီးဆုပ်လောက် ဒဏ်ရာရှိတယ်။ ကျောမှာရှိတယ်။ မေးစိမှာရှိတယ်။ ဆီးစပ်မှာရှိတယ်။ ဘယ်ဘက်နို့အုံအောက်မှာလည်း ညိုမဲတွေ၊ ဘယ်ဘက်ခြေထောက်မှာလည်း ညိုမဲတွေဆွဲနေတယ်” ဟု ဆိုသည်။

သေဆုံးသူ မခင်သန္တာဦး၏ ကျန်ရစ်ခဲ့သော ကလေးများ

သေဆုံးသူသည် လွန်ခဲ့သည့် ၆ လခန့်က လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်းအရာရှိရိပ်သာနေ တပ်မတော်အရာရှိတဦး၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်နေရာမှ ယင်းအရာရှိဇနီး ဖြစ်သူ ဥပဒေ အရာရှိဆိုသူ ဒေါ်သိင်္ဂိစု (၃၁) နှစ်က မကရင်မသည် ရေဖျင်းစွဲပြီး လိပ်ခေါင်းရောဂါလည်း ရှိသဖြင့် လက်မခံနိုင်၍ ပြန်လည်ပေးပို့ခြင်းဖြစ်ကြောင်း ကျေးရွာလူကြီးများကို ပြောဆိုအပ်နှံခဲ့ပြီး ၎င်းတို့ ပြန်သွားချိန်နှင့် မရှေးမနှောင်းတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးအေးသောင်း က ပြောသည်။

ဦးအေးသောင်း က “မသေခင် သူ့ကို ရိုက်တာ နှက်တာတွေ ပြောသေးတယ်။ ကျမကိုဆွဲကြိုးခိုးတယ်ဆိုပြီး ရိုက်တယ်နှက်တယ် ဆိုတာ ပြောသေးတယ်။ ဒဏ်ရာ ဒဏ်ချက်တွေလည်း မျက်နှာတို့ ပါးတို့၊ ခေါင်းတို့မှာတော့ အကုန်လုံး ဒဏ်ရာ ဒဏ်ချက်တွေ တွေ့တယ်” ဟု ပြောသည်။

အိမ်ရှင် ဒေါ်သိင်္ဂ ီစုကိုတော့ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် ဖမ်းဆီးထားကြောင်း တွံတေးမြို့နယ် ခလောက်ချိုက် ရဲစခန်းမှ အတည်ပြု ပြောဆိုသည်။ သို့သော်လည်း အမှုဖြစ်စဉ် အသေးစိတ်ကိုတော့ စစ်ဆေးဆဲကာလ ဖြစ်နေ၍ ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ခလောက်ချိုက် ရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးချစ်ဆွေ က ဧရာဝတီသို့ပြောသည်။

ရဲအုပ် မျိုးချစ်ဆွေ က “၃၀၂ က အာမခံလို့မရဘူး အဲ့ဒါကြောင့် ကျနော်တို့ ရဲစခန်းမှာပဲ သူ့ (ဒေါ်သိင်္ဂိစု) ကို ဖမ်းဆီးထားတယ်။ ကျနော်က စစ်ဆေးစဲမို့လို့ ပြောပြလို့မရသေးလို့ပါခင်ဗျာ” ဟု ဆိုသည်။

မခင်သန္တာဦး (ခ) ကရင်မ ၏ ရုပ်အလောင်းကိုတော့ သေဆုံးပြီး နောက်တနေ့ မေလ ၂၀ ရက်နေ့ မှာဘဲ မြေမြှုပ် သဂြိုဟ်လိုက်ကြောင်း ခတ္ထိယကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုး က ပြောသည်။

ဦးဝဏ္ဏစိုး က “အရမ်းပုပ်နေပြီ မခံနိုင်တော့ဘူး။ ဟိုကလာတည်းက အိတ်စွတ်ထားတာတော့ ကျနော်တို့နောက်နေ့ ထပ်ထားရင်လည်း အပုပ်နံ့က ထွက်မှာပဲလေ။ အဲဒါနဲ့ ရွာကလူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ အမြန်ဆုံးပဲ အခေါင်းလုပ်ပြီးတော့ မြုပ်လိုက်တယ်” ဟု ဆိုသည်။

သေဆုံးသွားသူ ခင်သန္တာဦး (ခ) ကရင်မသည် လွန်ခဲ့သည့်လေးနှစ်က ခင်ပွန်းသည် သေးဆုံးခဲ့ပြီး အသက် ၁၆ နှစ်မှ ၁၀ နှစ်အရွယ်ရှိ ကလေး ၄ ဦး ကျန်ရှိခဲ့ကာ အဆိုပါ ကလေး ၄ ဦးအား လက်ရှိတွင် အဒေါ်ဖြစ်သူမှ ကြည့်ရှုစောင့်ရှောက်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading