သတင်း

NLD အစိုးရ “ထာဝရ ငြိမ်းချမ်းရေး စေတီ” တည်

Want create site? Find Free WordPress Themes and plugins.

လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် “ထာဝရ ငြိမ်းချမ်း ရေး စေတီ” ဘွဲ့အမည်ရှိ ဘုရားတဆူကို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင်မှုဖြင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက နေပြည်တော်တွင် စတင် တည်နေသည်။

ယနေ့ ကျင်းပသည့် “ထာဝရ ငြိမ်းချမ်းရေး စေတီ” အုတ်မြစ်စီ မင်္ဂလာ အခမ်းအနားကို သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် သူ၏ အစိုးရ အဖွဲ့နှင့်အတူ တက်ရောက်၍ အုတ်မြစ်စီ မင်္ဂလာ ပန္နက်ရိုက်ခြင်း ပြုလုပ်သည်ကို တွေ့ရသည်။

တနိုင်ငံလုံးတွင် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန်နှင့် ဗုဒ္ဓဘာသာ အယူအရ လောကုတ္တရာ ချမ်းသာဖြစ်သည့် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်စေ ရန်ဟု ဆိုသော ရည်ရွယ်ချက်ဖြင့် နေပြည်တော်တွင် တည်ထားကိုးကွယ်ခြင်း ဖြစ်သည် ဟု သိရ သည်။

ဘုရားတည်ရာတွင် ပါဝင်သူ ဦးဆောင် ဆရာတော် အရှင်ဆန္ဒာဓိက က “အလှူရှင်တဦးချင်း၊ တဦးချင်းရဲ့ နှလုံးသားထဲ မှာရှိတဲ့ ငြိမ်းချမ်းရေး မေတ္တာဓာတ်တွေရဲ့ အရှိန်အဝါကြောင့်ကိုပဲ ဒီထာဝရ ငြိမ်းချမ်းရေး စေတီတော်ကြီးကြောင့် နိုင်ငံ မှာ ထာဝရ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိလိမ့်မယ်လို့လည်း ဦးပဉ္စင်းတို့ ယုံကြည်ပါတယ်”ဟု အုတ်မြစ်စီ အခမ်းအနား အပြီး တွင် မိန့်ကြားသည်။

စေတီတော် တည်ဆောက်နိုင်ရေး အတွက် ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၁ ထောင်၊ တက်လမ်း ဆောက် လုပ် ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ကျပ်သိန်း ၃ ထောင်၊ စေပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်ဝိတ် က ကျပ် သိန်း ၁ ထောင် တို့ကို မတည်လှူဒါန်းရာ သမ္မတ ဦးဝင်းမြင့်၊ ဒု သမ္မတ ဦးမြင့်ဆွေ တို့ က လက်ခံခဲ့ကြပြီး အများ ပြည်သူ ၏ အလှူငွေ များ ကိုလည်း လက်ခံသွားမည်ဟု သိရသည်။

ထာဝရ ငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး အတွက် အလှူငွေ လှူဒါန်းသူ အလှူရှင်များကို လှူဒါန်းရသည့် အကြောင်း ရင်း မေးမြန်းရာတွင် အားလုံးက “နိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိစေချင်၍ ဖြစ်ကြောင်း” တညီတညွှတ် တည်း ပြောဆိုကြသည် ဟု အရှင်ဆန္ဒာဓိက က မိန့်သည်။

ဆရာတော်က “ကုသိုလ်တရားတွေရဲ့စွမ်းအား၊ ကုသိုလ်တွေရဲ့တန်ခိုး တေဇောအာနုဘော် တွေကလည်း နိုင်ငံမှာ လက်ရှိ ဆောင်ရွက် နေတဲ့ ထာဝရငြိမ်းချမ်းရေးကြီး အမြန်ဆုံးရရှိအောင် အထောက်အကူ ပြုလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ထာဝရငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကြီးရဲ့ ကုသိုလ် အထောက်အပံ့တွေနဲ့ ဒီထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီးကို တည်ထား၊ ကိုးကွယ်ရခြင်း ဖြစ်ပါ တယ်”ဟုလည်း မိန့်ကြားသည်။

မင်္ဂလာ အုတ်မြစ်စီခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၇ မိနစ်တွင် ဆရာတော် အရှင်ဆန္ဒာဓိက၊ သမ္မတ ဦးဝင်းမြင့် တို့က ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး စေတီ အတွက် လှူဒါန်းကြသူ အားလုံးသည်လည်း မြန်မာနိုင်ငံ တွင် ထာဝရငြိမ်းချမ်းရေး အမြန်ဆုံး ရရှိပါစေ ဆိုသည့် မေတ္တာ၊ ဆန္ဒနှင့် လှူဒါန်းကြသည်ဟု ယုံကြည်ကြောင်း ယနေ့ပွဲ ကို ဦးဆောင် ကျင်းပကြသူများက ပြောသည်။

“ထာဝရ ငြိမ်းချမ်းရေးလို့ အမည်နာမ တပ်ပြီးတော့ စေတီတော် တည်လိုက်ရုံနဲ့ နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး အလိုလို ရသွားနိုင်ပါ့မလား လို့ တချို့ကလည်း တွေးမိကောင်း တွေးမိကြလိမ့်မယ်။ တကယ်တော့ လောကကြီးမှာ အကျိုး တရား တခု ဖြစ်ပေါ်လာဖို့ဆိုတာ အကြောင်းတရား တခုတည်းနဲ့ မဖြစ်ပါဘူး။ အကြောင်းတရားတွေ အများကြီး စုပေါင်း ပြီးတော့မှ အကျိုးတရား တခုဆိုတာ ဖြစ်ပေါ်နိုင်ပါ တယ်” ဟု ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

ယခု တည်ထားသည့် ထာဝရ ငြိမ်းချမ်းရေးစေတီ၏ တည်နေရာမှာ နေပြည်တော် လေဆိပ်သို့ သွားရာလမ်းမကြီးဘေး လယ်ဝေးမြို့ အနီးတွင် တည်ရှိသည်။ မြေ အကျယ်အဝန်းနှင့် အသေးစိတ် အချက်အလက်များကိုမူ မသိရသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading