သတင်း

ပဋိပက္ခဖြစ်ပွားခဲ့သည့် KNU လှုပ်ရှားနယ်မြေမှ တပ်မတော်တပ်ရင်းများ စတင်ဆုတ်ခွာ

Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ နယ်မြေဖြစ်သော ကရင်ပြည်နယ် မူတရော် (ဖာပွန်) ခရိုင် အတွင်းရှိ ခေးပူ-လွယ်မူပလော ဒေသတွင် လမ်းဖောက်ရန် အကြောင်းပြချက်ဖြင့် ချထားသော တပ်မတော်တပ်ရင်းများ စတင် ဆုတ်ခွာနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အကြား ယခုလ ၁၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးပြီးနောက် ၂ ရက်ခန့် အကြာမှ၍ ခေးပူ-လွယ်မူပလော ဒေသမှ တပ်မတော်တပ်ရင်းများ စတင်ဆုတ်ခွာနေခြင်းဖြစ်ကြောင်းသိရသည်။

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “မြေပြင်က အဲလိုပဲသူတို့ တပ်တချို့ ရုပ်သွားတယ်လို့လည်း ပြောတယ်။ ဒါပေမယ့် အဲမှာအတိအကျ ကျနော်တို့ အစီအရင် ခံလို့ မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ခေးပူ-လွယ်မူပလော လမ်းဖောက်လုပ်မှုကို ယာယီရပ်ဆိုင်းပေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အား ကတိပေး ပြောဆိုပြီးနောက် ယခုကဲ့သို့ လက်တွေ့ဆောင်ရွက်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ တပ်ရုပ်သိမ်းမှုများ နှစ်ဘက်ခေါင်းဆောင်များတွေ့ဆုံမှု၏ ရလဒ်ကောင်းဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ အတွင်းရေးမှူး ၂ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင် ကလည်း ပြောသည်။

ဗိုလ်မှူးကြီး ဝဏ္ဏအောင် က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး တို့ တွေ့ဆုံဆွေးနွေးလို့ အဆင်ပြေသွားပြီပေါ့။ JMC အနေနဲ့ ကလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါတယ်။ အခု ခေါင်းဆောင်ပိုင်း တွေလည်း ဆွေးနွေးနေကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ခေးပူ-လွယ်မူပလော ဒေသတွင် လမ်းဖောက်ရန် အကြောင်းပြချက်ဖြင့် ချထားသော တပ်မတော် အင်အားမှာ စုစုပေါင်း ၇၀၀ ခန့် ရှိကြောင်း ယခုပြန်ဆုတ်သွားသည့် အင်အားမှာ ၃၀၀ ဝန်းကျင်ရှိကြောင်း၊ အလုံးစုံပြန်ရုပ်ခြင်း မဟုတ်သေး၍ စိတ်ချရသည့် အနေအထားမဟုတ်သေးကြောင်း KNU အတွင်းမှ သတင်းရင်းမြစ်တဦး က ပြောသည်။

၎င်းက “လမ်းဘေးမှာတော့ လုံခြုံရေးချထားတာမရှိတော့ဘူး။ လုံးလုံးနောက်ကြောင်းပြန်ဆုတ်ရာမှာပေါ့။ အခုက တပ်စခန်းထဲကိုပဲ ပြန်ဝင်သွားတာဆိုတော့ ဆက်လုပ်မယ်လို့ သုံးသပ်မိတာပေါ့။ ဆက်မဖောက်တော့ဘူးလို့ မပြောတော့ စိတ်မချရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေးပူ-လွယ်မူပလော ဒေသတွင် လမ်းဖောက်လုပ်မှုများကို ယခုနှစ် မတ်လ အစောပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ရာမှစ၍ တပ်မတော်စစ်ကြောင်းများနှင့် ကရင်လွတ်လပ်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ဒသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသည်များရှိသကဲ့သို့ လယ်မူပလော ကျေးရွာမှ ရပ်ရွာ ခေါင်းဆောင် တဦးလည်းဖြစ် သဘာဝပတ်ဝန်ကျင် အရေးဆောင်ရွက်သူ တဦးလည်းဖြစ်သည့် စောကလိုပါး (ခ) စောအိုမှူး လည်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

တပ်မတော်တပ်ရင်းများ အားလုံး ဆုတ်ခွာသွားပြီး ယုံကြည်စိတ်ချရသည့် အနေအထား ရရှိလျှင် အိုးအိမ်များကို စွန့်ခွာ၍ ထွက်ပြေးပုန်းအောင်းနေကြရသော ခေးပူ-လွယ်မူပလော ဒေသရှိ ရွာခံများကို ပြန်လည်နေရာချထားပေးသွားမည် ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ပဒိုစောကွယ်ထူးဝင်း က “ရွာသားတွေကတော့ အဝေးကြီးတော့ ထွက်ပြေးတိမ်းရှောင်တာမဟုတ်ဘူး။ ရွာနီးပတ်ဝန်းကျင်မှာပဲ နည်းနည်း လုံခြုံစိတ်ချ ရတဲ့နေရာပဲဆိုတော့ တဖက်ကတပ်တွေ ပြန်ရုပ်သိမ်းတယ်ဆိုရင် ကျနော်တို့ အဲမှာရှိတဲ့ ကျေးရွာလုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ စစ်ဆေးပြီးသူတို့ ပြန်နေနိုင်တဲ့ အနေအထားစီစဉ် ရမှာပေါ့” ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး နှစ်ဘက်ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်မှ နားလည်မှု ရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်ဖြစ်ပြီး အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ အနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင် နိုင်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြောင်း ပြောဆိုသည်။

KNU သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အများဆုံးတွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading