စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မတ်လအတွင်းက ပြုလုပ်ခဲ့သော တရားပွဲတခု၌ ပြောဆိုချက်များနှင့် ပတ်သက်၍ စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
မင်းကင်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က မေလ ၂၁ ရက်တွင် မင်းကင်းမြို့နယ်တရား၌ တရားလိုပြု တိုင်တန်းခဲ့ ခြင်းဖြစ်ကြောင်း မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း က ဧရာဝတီကို ပြောသည်။
စာရေးဆရာ မောင်သွေးချွန် အနေဖြင့် ပြီးခဲ့သည့် မတ်လ ၂၃ မှ ၂၈ ရက်အထိ ကျောက်တန်းကျေးရွာတွင် တရားပွဲတခုပြုလုပ်ခဲ့ရာ ၂၅ ရက်နေ့ ယင်းတရားပွဲ၌ ဘာသာရေးအကြောင်းပြု ဟောပြောချက်များနှင့် ပတ်သက်၍ ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးကျော်ဆန်းက “ဒီဟာသည် မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရကို မထေမဲ့မြင်ဖြစ်အောင် ပြောတယ်။ လူအများ အထင်အမြင်လွဲမှားအောင် သူ ဆောင်ရွက်တာ ဖြစ်တယ်။ အဓိကရုဏ်းတခုဖြစ်ပွားလာနိုင်အောင်အထိ ရည်ရွယ်ပြီး ဟောပြောတာဖြစ်တဲ့အတွက် ၅၀၅ (ခ) (ဂ) နဲ့ စွဲတယ်လို့ ကြားတယ်” ဟု ပြောသည်။
ကျောက်တန်းကျေးရွာတွင် ပြုလုပ်ခဲ့သော အဆိုပါ တရားပွဲတွင်ဆရာတော် ဦးဝီရသူလည်း ပါဝင်ကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် စာရေးဆရာ မောင်သွေးချွန်က လွတ်လပ်ရေးရသည်မှာ နှစ် ၇၀ ကျော် ရှိသေးသော်လည်း နောက်တကြိမ် ကျွန်ဖြစ်တော့မည်ဖြစ်ပြီး ယခုတကြိမ်အသိမ်းခံရပါက ဘာသာဆုံး၊ လူမျိုးပြုန်း၊ တိုင်းပြည်ဆုံးမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံမှ ‘မြန်မာနစ်စတန်’ ၊ ‘မြန်မာနီးရှားနိုင်ငံတော်’ စသဖြင့် အမည်တပ်ပြီး နိုင်ငံတော် ဘာသာသည် ဗုဒ္ဓဘာသာ မရှိတော့ကြောင်း၊ ဘုရားပုထိုးနေရာများတွင် ဗလီများ၊ ခရစ်ယာန် ဘုရားကျောင်းများ ပေါ်လာမည်ဖြစ်ကြောင်း ဟောပြောထားသည်ကို တွေ့ရသည်။
ဆက်လက်၍ ၎င်းက ဥပဒေပြဋ္ဌာန်းသည့် လွှတ်တော်တွင်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှစ် ယောက်စလုံးသည် ခရစ်ယာန်များဖြစ်သွားပြီဖြစ်ပြီး ဗုဒ္ဓဘာသာများ အနားမကပ်နိုင်တော့ကြောင်း၊ ၎င်းတို့တောင်းဆိုခဲ့သည့် မျိုးစောင့်ဥပဒေသည် လွှတ်တော်ထဲတွင် မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
“ဒု-သမ္မတ တယောက်ကလည်း ခရစ်ယာန်။ တခါ ဘေးကနေ ဝိုင်းထားတာကလည်း ဘာသာခြား မွတ်ဆလင် ကုလားတွေကလည်း မြှောက်ပေးနေတယ်။ ခရစ်ယာန်နဲ့ မွတ်ဆလင်ပေါင်းပြီး ကျနော်တို့ ဗုဒ္ဓဘာသာကို အမြစ်ပြတ်ချေမှုန်းခြင်း စီမံကိန်းကြီးစနေပါပြီ။ စနေရုံမကဘူး။ အကောင်အထည်ပေါ်နေပြီ။ အဲဒီအချိန်မှာ ကျနော်တို့ ဆရာတော်တို့ကနေ ကြံ့ကြံ့ခံနေပါ တယ်” ဟူ၍ ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။
၎င်း၏ မဲဆန္ဒနယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ လမ်းညွှန်ချက်များ တောင်းခံရသောကြောင့် တရားစွဲဆိုရန် အချိန်ကာလ ကြာမြင့်သွားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ တရားစွဲဆိုမှု၊ ဖမ်းဝရမ်းထုတ်ခံရမှု သတင်းများနှင့်ပတ်သက်၍ စာရေးဆရာမောင်သွေးချွန်ကို ဧရာဝတီက ဆက် သွယ်မေးမြန်းရာ ၎င်းထံ ယနေ့အချိန်အထိ အကြောင်းတစုံတရာ မကြားသေးကြောင်း ကာယကံရှင်ဖြစ်သူက ပြောသည်။
စာရေးဆရာ မောင်သွေးချွန်က “အွန်လိုင်းပေါ်မှာတော့ ပျံ့နေပေမယ့် ကျနော့်ဆီ စစ်ကိုင်းတိုင်း မင်းကင်းကနေ ဘာမှ အကြောင်းကြားတာ မတွေ့သေးဘူး” ဟု ပြောဆိုသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံရမည်ဆိုလျှင်လည်း ၎င်းအနေဖြင့် ထွက်ပြေးတိမ်းရှောင်ရန်မရှိဘဲ ရင်ဆိုင် သွားမည် ဖြစ်ကြောင်း၊ ၎င်း၏ပြောဆိုချက်များသည် ဂျာနယ်၊ မဂ္ဂဇင်းစာစောင်များတွင် ရေးသားခဲ့မှုမျှပင် မပြင်းထန်ဘဲ ဘင်္ဂါလီ၏ရန်ကို ကာကွယ်ရန် အရှိတရားများနှင့် စပ်ဆက်၍ ဟောပြောခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
စာရေးဆရာ မောင်သွေးချွန်က “အခုချိန် ထွက်ပြေးတိမ်းရှောင်ချင်ရင် အချိန်တွေ အများကြီးရတာပဲ။ ကျနော့်အတွက် ရှောင်စရာနေရာလည်း မရှားဘူး။ အင်မတန်လုံခြုံတဲ့ နေရာတွေ သူတို့အစိုးရ ပြုတ်သွားတဲ့ အထိတောင် ကျနော့်ကို မဖမ်းမိသေးအောင် ရှောင်လို့ရတယ်။ ဒါပေမယ့် မရှောင်ဘူး။ အေးအေး ဆေးဆေးပဲ ရင်ဆိုင်သွားမယ်” ဟု ပြောသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) အရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုန်ရ – မျိုးချစ်ညီညွတ်ရေး ပါတီ တည်ထောင်ခွင့် ပယ်ချခံရ