ရခိုင်ပြည်နယ် မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးချုပ်နှောင်ခံနေရသော ရခိုင်လူငယ် ၈ ဦးကို မေလ ၂၄ က စစ်တွေမြို့နယ်တရားရုံးတွင် ၁၀ ကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့ရာ တရားလိုဘက်ကို စတင်စစ်ဆေးကြောင်း သတင်းရရှိသည်။
အဆိုပါရုံးထုတ်တွင် တရားလိုဖြစ်သည့် မြောက်ဦးမြို့မရဲစခန်းမှ ဒုရဲမှူး သိန်းနိုင်အေးနှင့် တရားလိုပြသက်သေ တဦးဖြစ်သည့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁ ဦးတို့ကို စတင်စစ်ဆေးခဲ့ကြောင်း ၎င်းအမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
ဒေါ်အေးနုစိန်က “ဒီနေ့ တရားရုံးမှာတော့ ကျမတို့ တရားလိုဖြစ်တဲ့ မြောက်ဦး စခန်းမှူး ဒုရဲမှူး သိန်းနိုင်အေးနဲ့ ခရိုင်ထွေအုပ်က ဝန်ထမ်းတဦးကို စတင်စစ်ဆေးခဲ့ပါတယ်။ တရားလို ဘက်ကတော့ သူတိုင်တဲ့အတိုင်း ထွက်ဆိုတယ်။ ထွေအုပ် ဝန်ထမ်းက လည်းပဲ သူမြင်လိုက်တာ၊ ကြားလိုက်တာကို ထွက်ဆိုတယ်။ ဒီအနေအထားပဲရှိတယ်” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးတရားစွဲခံနေရသော ရခိုင်လူငယ် ၈ ဦးတွင် ကျောင်းသားလူငယ်များပါဝင်သည့်အတွက် မိသားစုဝင်များ ကတော့ ကျောင်းဖွင့်ရာသီတွင် ပညာဆက်လက်သင်ကြားခွင့်နှင့် သေနတ်ဒဏ်ရာများကိုလည်း ပြင်ပဆေးရုံများတွင် အနီးကပ် ဆေးကုသခွင့် ရရှိစေချင်ကြောင်း ပြောသည်။
ဖမ်းဆီခံလူငယ် တဦး၏ ဖခင်ဖြစ်သူ ဦးအေးမောင်သိန်းက “ဒဏ်ရာတွေက သေနတ်ဒဏ်ရာတွေ ထိမှန်ထားတာဆိုတော့ဗျာ။ ဘယ်ကောင်းအုံးမလဲ။ သက်သာရုံ အဆင့်လောက်ပါပဲ။ ဆေးဝါးကုသဖို့ လိုနေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရခိုင်လူငယ် ၈ ဦးကို ပြည်သူပိုင်အကျိုးဖျက်စီးမှု ပုဒ်မ ၆ (၁) ဖြင့် တရား စွဲဆိုခံထားရခြင်းဖြစ်ပြီး ဇွန်လ ၅ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေးလိုက်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်သော ရှေ့နေများက ပြောသည်။
“ထောင်ဒဏ် ၇ နှစ်ရှိတဲ့ ကြီးလေးတဲ့ ပုဒ်မနဲ့ စွဲထားတာ ဖြစ်တယ်။ ကျမတို့က ဒီကိစ္စဟာ ပြည်သူပိုင်ပစ္စည်း အကျိုးပျက်စီးမှုပြုရာ ရောက်၊ မရောက်ဆိုတာကို ထုချေမယ်။ ပြဿနာဖြစ်တဲ့အကြောင်းအရင်းကတော့ ဘယ်ကစခဲ့လဲဆိုတာကို ပေါ်လွင်အောင် စစ်မယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
၎င်းကဆက်၍ “သေနတ်ပစ်လို့ ဒဏ်ရာရရှိတဲ့ ကလေးတွေပဲ တရားခံဖြစ်နေတယ်။ ဒီအထဲမှာ သေဆုံးသွားတာ ၇ နှစ်ယောက် ရှိတယ်။ အဲတော့ သေနတ်ပစ်တဲ့အဆင့်ကို ရောက်အောင်ထိ သက်ဆိုင်ရာတွေက ဒီနေ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ လုပ်ထုံး၊ လုပ်နည်းအတိုင်း အဆင့်ဆင့် ဆောင်ရွက်မှုရှိခဲ့သလား။ ဆိုတဲ့အချက်တွေကို ကျမတို့ အမှုမှာ ပေါ်လွင်အောင် မေးမြန်း သွားမယ်” ဟု ဆိုသည်။
ဖမ်းဆီးတရားစွဲခံ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်အတွင်း သေနတ်ဒဏ်ရာများရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးဆေးရုံမှနေ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရသူများ ဖြစ်သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ၎င်းတို့ကို မြောက်ဦးမြို့မရဲစခန်းမှ အများပြည်သူပိုင် အဆောက်အဦး အကျိုး ပျက်စီးမှု ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်လှစ်ကာ စစ်တွေမြို့ ပြည်သူဆေးရုံးကြီးအတွင်း အချုပ်သား လူနာ ဆောင်သို့ ပြောင်းရွေ့ကုသခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ပိုင်းတွင် ဆေးရုံမှနေ စစ်တွေ အကျဉ်း ထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ ချုပ်နှောင်ခဲ့သည်။
မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းမှုအထိမ်းအမှတ် ပွဲကျင်းပခြင်း ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။
ယင်းမြောက်ဦးဖြစ်စဉ်အပါအဝင် ရသေ့တောင် စာပေဟောပြောပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသူများ အတွက် ဥပဒေကြောင်းအရ ခုခံကာကွယ်ရန် ရခိုင်အမျိုးသားပါတီ (ANP) မှ ရှေ့နေ ၆ ဦးပါ ဥပဒေအထောက်အ ကူအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ဖမ်းဆီးခံ မြောက်ဦး ရခိုင်လူငယ်များ၏ သေနတ်ဒဏ်ရာများ အရေးပေါ် ဆေးကုသရန် လိုအပ်နေ