သတင်း

AA တပ်ဖွဲ့ဝင်များ နှိပ်စက်ခြိမ်းခြောက်ငွေတောင်းဟု ချင်းရွာသားများစွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ခရစ်ယာန် တရားဟောဆရာတဦးကို ညှင်းပမ်းနှိပ်စက်ပြီးနောက် ရွာသားများထံမှ ကျပ်ငွေ ၆၇ သိန်းနှင့် အဖိုးတန်းပစ္စည်းများကို ခြိမ်းခြောက်ရယူသွားကြောင်း ပြည်တွင် အွန်လိုင်းသတင်းဌာနတ ခုကဆိုသည်။

တဝိုးပွီကျေးရွာမှ ဒေသခံများ၏ လက်ရေးမူဖြင့် ရေးသားထားသော တိုင်ကြားစာများကို Chin World က ၎င်းတို့၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှတဆင့် မေလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

AA တပ်ဖွဲ့ဝင်များသည် ငွေနှင့် ရတနာများကို တောင်ခံပြီး ချင်းရွာသား ၁၅ ဦးထံမှ မိုဘိုင်းဖုန်းများနှင့် ရိက္ခာများကို သိမ်းဆည်းသွားခဲ့ကြောင်း ထိုသတင်းတွင် ဖေါ်ပြထားသည်။ သို့သော် ပါဝင်ပတ်သတ်သော ရက္ခိုင့်တပ်မတော်သား အရေအတွက်သို့မဟုတ် မြေပြင်တာဝန်ခံ AA ခေါင်းဆောင်၏ အမည်များကို ထုတ်ဖော်ရေးသားထားခြင်း မပါရှိပေ။

အိမ်ခြေ ၁၀၀ အောက် ရှိသော ထိုကျေးရွာသည် ပလက်ဝမြောက်ပိုင်း တောနက်သောနေရာတွင် တည်ရှိကြောင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲကြောင်း ပလက်ဝမြို့နယ်မှ ကိုစတီဗင်က ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့တွင် ဖုန်းဖြင့်ပြောပြသည်။

ယင်းကျေးရွာနှင့် မြို့ပေါ်သို့ ဆက်သွယ်ထားသော လမ်းမရှိပေ။ မြို့ပေါ်က လှေစီးပြီးနောက် ခြေကျင် နာရီအနည်းငယ် ဆက်လျှောက်ရသောကြောင့် အနည်းဆုံး ၁၀ နာရီဝန်းကျင် ကြာမြင့်သည်။

ကိုစတီဗင် က “AA ကခြိမ်းခြောက်ငွေတောင်းတဲ့အကြောင်း သတင်းတော့ရပေမယ့် ရွာက အရမ်းဝေးနေတော့ အသေးစိတ် ဘာမှ မသိရသေးဘူး” ဟု သူပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပလက်ဝမြို့နယ်ရဲစခန်း အကြီးအကဲနှင့် အုပ်ချုပ်ရေးမှုးတို့က ၎င်းတို့ထံ ဗုဒ္ဓဟူးနေ့အထိ ရွာသားများတိုင်ကြားခြင်း မရှိကြောင်းဆိုသည်။

AA စစ်သားများက ချင်းတိုင်းရင်းသားများကို ညှင်းပမ်းနှိပ်စက် ဆက်ကြေးကောက်တောင်းခံသည်ဆိုသည့် စွပ်စွဲချက်နှင့် ပတ်သတ်၍ AA ပြောခွင့်ရ ဦးခိုင်သုခက မိမိတို့အဖွဲ့အစည်းအနေဖြင့် ယင်းသို့လုပ်ရပ်များကို အပြင်းအထန် တားမြစ်ထားသည်ဟု ဆိုသည်။

ယင်းလုပ်ရပ်မျိုးမှာ AA ၏ ဂုဏ်သတင်းကို မှေးမှိန်အောင်လုပ်လိုသူ အုပ်စု တစုတခုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်းကို မကြာခဏ တွေ့ရကြောင်းပြောသည်။ ထိုလုပ်ရပ်မျိုးကို ပလက်ဝတောင်တန်းတွင် အခြေစိုက်သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALA) ကလုပ်သည်ဟု AA က ယခင်စွပ်စွဲခဲ့ဖူးသည်။

AA သည် မေလ တတိယအပတ်ထဲတွင် တပ်မတော် ခြေလျှင်တပ်ရင်း ၂၆၃ နှင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ AA တပ်ဖွဲ့ဝင် တ ဦး သေဆုံးခဲ့သည်ဟုလည်းဆိုသည်။

ရက္ခိုင့်တပ်မတော် ပြောခွင့်ရ ဦးခိုင်သုခက အစိုးရစစ်တပ်၏ မြေပြင်စစ်ကြောင်းကို ဦးဆောင်သည့် ဗိုလ်ကြီးတဦးတိုက်ပွဲအတွင် သေဆုံးကြောင်းကို အတည်ပြုပြီး အခြားသေဆုံးသူများ၏ အဆင့်ကို မသိသေးကြောင်းပြောသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်ကိုတော့မတွေ့ရသေးပေ။

AA သည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ သုံးနိုင်ငံနယ်စပ် ပလက်ဝဒေသမှ ALA ၏ နယ်စပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။ ALA မှ အဆင့်မြင့် အရာရှိ အချို့သည် AA သို့ဘက်ပြောင်းခဲ့သည်။ ယင်းပြောင်းလဲ ဝင်ရောက်မှုကို ဗွီဒီယိုမှတ်တမ်းတင်ကာ AA ၏ တရားဝင် Facebook စာမျက်နှာတွင် ၂၀၁၈ ခုနှစ် အစောပိုင်းက ဖေါ်ပြခဲ့သည်။ တပ်မတော်တွင်လည်း ရခိုင်လူမျိုးအများအပြား တာဝန်ထမ်းဆောင်နေကြောင်းနှင့် တခါတရံ AA တပ်ဖွဲ့ဝင်များဟန်ဆောင်ကာ ရွာသားများကို လုယက်တတ်ကြောင်း ဦးခိုင်သုက စွပ်စွဲပြောဆိုသည်။

ဦးခိုင်သုက “ကျနော်တို့က အရပ်သားတွေဆီက ဘယ်တုန်းကမှ အတင်းအကျပ်မယူဘူး။ ကြက်ပဲဝယ်ဝယ်၊ ဆန်ပဲဝယ်ဝယ် ဒေသ ပေါက်ဈေးအတိုင်းပေးဝယ်တယ်” ဟု သူပြောသည်။
တပ်မတော်ပြောခွင့်ရသူကို ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Chin Villagers Accuse AA Soldiers of Torture, Extortion ကို ဘာသာပြန် ဖော်ပြခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading