သတင်း

မူဆယ်-မန္တလေး လမ်းပေါ်၌ တရားမဝင် နိုင်ငံခြားသား စစ်ရန် လဝက ဝန်ထမ်းများထားမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းအတွင်း တရားမဝင် ဝင်ရောက်နေသော နိုင်ငံခြားသားများအား စစ်ဆေးနိုင်ရန် မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းပေါ်ရှိ ၁၆ မိုင်စစ်ဆေးရေးဂိတ်၌ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဝန်ထမ်းများ ထားရှိသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး၌ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနကို တာဝန်ယူထားသည့် မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ထိုသု့ိ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးမျိုးသစ်က “နိုင်ငံချင်း ထိစပ်သော နယ်စပ်နေရာများတွင် ကုန်းမြေနေရာများဖြစ်သဖြင့် တရားဝင် ဝင်/ထွက်ပေါက်များမှ ရှောင်ကွင်း၍ တရားမဝင် ဝင်ရောက်မှုများလည်း ရှိနိုင်မည်” ဟု ဝန်ကြီးက ထည့်သွင်းဖြေကြားသည်။

မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က မန္တလေးတိုင်းအတွင်း တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက် နေထိုင်သော နိုင်ငံခြားသားများအား စီမံချက်ဖြင့် စစ်ဆေးဖော်ထုတ်ကာ ထိရောက်စွာအရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ပတ်သက်၍၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

၁၆ မိုင်ဂိတ်မှာ မန္တလေးမြို့နှင့် ၁၆ မိုင်အကွာရှိ ထုံးဘိုကျေးရွာ၌ တည်ရှိပြီး မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းတွင် ပထမဆုံး စစ်ဆေးရေးဂိတ် ဖြစ်ရာနယ်စပ် ကုန်စည် သယ်ယူပို့ဆောင်ရေး ယာဉ်များကို အဓိကစစ်ဆေးလျှက်ရှိပြီး ခရီးသည်တင် ယာဉ်များနှင့် ခရီးသည်များအား စစ်ဆေးလေ့ မရှိကြောင်းသိရသည်။

မန္တလေးတိုင်းအတွင်း တရားမဝင် ခိုအောင်းနေထိုင်နေသော နိုင်ငံခြားသားများအား စစ်ဆေး ကြပ်မတ်နိုင်ရန်အတွက် ယခုနှစ်အတွင်း စီမံချက် ၅ ခုနှင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ယင်းတို့အနက် ၁၆ မိုင် စစ်ဆေးရေးဂိတ်၌ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများ ထားရှိဆောင်ရွက်မည်ဆိုသည့် အချက်လည်းတခု အပါအဝင်ဖြစ်သည် ဟုဆိုသည်။

ယင်းစီမံချက်များတွင် လက်ရှိတိုင်းလဝက ဝန်ထမ်းအင်အားသည် ဖွဲ့စည်းပုံ၏ ထက်ဝက်ခန့်သာ ခန့်ထားနိုင်ခြင်းကြောင့် ဝန်ထမ်းအင်အား တိုးမြှင့်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြခြင်း၊ နိုင်ငံခြားသားများ တရားမဝင် လိုက်ပါလာခြင်း ရှိ/မရှိ ရွေ့လျားစနစ်ဖြင့် ယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်းတို့ ပါဝင်သည်။

ထို့ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား လဝကနှင့် သက်ဆိုင်သည့် အသိပညာပေး သင်တန်းများ ပို့ချခြင်းနှင့် မိမိရပ်ကွက်၊ ပတ်ဝန်းကျင်၌ နိုင်ငံခြားသားများ တရားမဝင် ခိုအောင်းနေထိုင်သည်ဟု ကြားသိရပါက သတင်းပေးပို့ တိုင်ကြားစေခြင်း စသည့် စီမံချက်တို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က “တရုတ် ဝင်လာပြီဆိုရင် လူမြင်နေရတယ်။ သူတို့က ဒီမှာဝင်လာပြီးလျှောက်သွား၊ စီးပွားရေး လုပ်တာတွေ ရှိတော့ လူမြင်တယ်။ တခြား ဘာသာဝင်ကျတော့ သူတို့အသိုင်းအဝန်းထဲ ဝင်သွားရင် ပျောက်သွားတယ်။ အဲဒါကြောင့် လူမမြင်ဘူး” ဟု ဧရာဝတီကို ပြောသည်။

တရားဥပဒေစိုးမိုးမှုနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနများ ပူးပေါင်းစစ်ဆေးမှု အားနည်းခြင်းသည် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက် နေထိုင်မှုများလာခြင်း၏ အဓိက အချက်ဖြစ်ပြီး နယ်မြေခံရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ယင်းကိစ္စရှိလာပါက သက်ဆိုင်ရာသို့ တိုင်ကြားရန် လိုအပ်ကြောင်း၎င်းက ပြောသည်။

မန္တလေး ကျောက်ဝိုင်း အတွင်း အရောင်းအဝယ် လုပ်နေသော ကျောက်ကုန်သည် ဦးကျော်ဦး က “ကျောက်ဝိုင်းမှာရှိတဲ့ တချို့ တရုတ်တွေဆို ဒီမှာရောက်နေတာ လချီနေပြီလေ။ စီးပွားရေးဗီဇာနဲ့ လာတာဆိုလည်း အလွန်ဆုံး ၃ လအပြင် မပိုနိုင်ဘူးလေ။ ဒါတွေကို လဝက က မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလားဆိုတာ စိတ်ဝင်စားစရာပဲ” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးခရိုင် အပါအဝင် တံတားဦး၊ စဉ့်ကိုင်၊ မြစ်သားစသည့်မြို့နယ်များ၌ တရုတ်လူမျိုးများ က ဖရဲ၊ သခွား စိုက်ပျိုးရေး လုပ်ငန်းများ အတွက်လည်းကောင်း မန္တလေးကျောက်ဝိုင်းတွင် ကျောက် အရောင်းအဝယ် ပြုလုပ်ရန်အတွက် လည်းကောင်း လနှင့်ချီကာ နေထိုင်လျက်ရှိရာ ဥပဒေနှင့် အညီနေထိုင်ခြင်း ရှိ/မရှိကို ရှောင်တခင် စစ်ဆေးခြင်းများ မကြာခဏပြုလုပ်ကာ တွေ့ရှိပါက ထိရောက်သည့် အရေးယူမှုမျိုး ဆောင်ရွက်သင့်ကြောင်း မန္တလေး မြို့ခံများကပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်း ၂ နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသား ၈ဝ ဦးအား လ.ဝ.က ဥပဒေဖြင့် အရေးယူ၍ ပြည်နှင်ဒဏ် ပေးခဲ့ပြီးဖြစ်ကြောင်း မန္တလေးတိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading