သတင်း

AA ဖမ်းထားသည့် တပ်မတော်သား ၃ ဦး လွှဲပြောင်းရေး ICRC ကူညီမည်

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင့်တပ်မတော် (AA)က ဖမ်းဆီးထိန်းသိမ်းထားသည့် တပ်မတော်သား ၃ဦးကို ICRC မှတဆင့် ပြန်လည် လွှဲပြောင်း ပေးမည်ဆိုပါက ကူညီရန် အသင့်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) မြန်မာနိုင်ငံ ကိုယ်စား လှယ် ရုံး က ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။

AA အနေဖြင့် ဖမ်းဆီးထားသည့် တပ်မတော်သား ၃ ဦးကို ICRC မှတဆင့် လွှဲပြောင်းပေးရေး အတွက် ဆွေးနွေး လို ကြောင်း သတင်းဖော်ပြချက်များကို ICRC မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးက သတိပြုမိကြောင်း၊ သက်ဆိုင်ရာ နှစ်ဖက် အဖွဲ့အစည်းများမှ တောင်းဆိုလာပါက အဖမ်းခံထားရသည့် တပ်မတော်သားများ လွှတ်ပေးရေးတွင် ICRCက နိုင်ငံရေး ကင်းရှင်း ပြီး ကြားဝင်ဆောင်ရွက်ပေးသူအနေဖြင့် ကူညီပေးရန် အသင့်ရှိကြောင်းလည်း သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

AA က ဖမ်းဆီးထားသည့် တပ်မတော်သား ၃ဦးကို ICRC မှတဆင့် လွှဲပြောင်းပေးရန် ဆန္ဒရှိကြောင်း ဧရာဝတီ သတင်း ဌာနကို မေလ ၂၄ရက်က ပြောဆိုထားသည်။

ICRC မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးမှ အကြီးအကဲ Mr. Fabrizio Carboni က ဖမ်းဆီး ခံထားရသူများကို ပြန်လည် လွှဲပြောင်းရာတွင် ကြားနေလက်ခံသူအဖြစ် ဆောင်ရွက်ပေးသည့် အလုပ်မှာ ကမ္ဘာတဝန်းတွင် ICRC လုပ်ဆောင် နေ သည့် အဓိက လုပ်ငန်း ဆောင်တာများထဲမှ လုပ်ငန်းတခု ဖြစ်ကြောင်း၊ ICRC က ကြားနေအဖြစ် ဝင်ရောက် ဆောင် ရွက် ပေးခြင်းက ပွင့်လင်းမြင်သာမှု ရှိပြီး အဖွဲ့အစည်းများကြား ယုံကြည်မှု တည်ဆောက်ရေး အတွက် အထောက် အကူ ဖြစ်သဖြင့် အဖွဲ့အစည်းများက ကမ်းလှမ်းကြကြောင်း၊ ICRC အနေဖြင့်လည်း လူသားခြင်း စာနာထောက်ထားမှု အပေါ် တွင်သာ ရပ်တည် ဆောင်ရွက်ပြီး အဖွဲ့အစည်းများကြား ဝင်ရောက်ညှိနှိုင်း ဆွေးနွေးပေးခြင်း မရှိကြောင်း ပြော သည်။

Mr. Fabrizio Carboni က“ကျနော်တို့မှာ အခု (ဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတွေနဲ့ ပတ်သက်ပြီး) ဘာ အချက် အလက်မှ မရှိဘူး။ ဘယ်သူမှလည်း မဆက်သွယ်လာသေးဘူး။ ကျနော်ထင်တာတော့ AA က သူတို့ အဖွဲ့အစည်း အတွင်း မှာ ဆွေးနွေးနေတယ် ထင်တယ်”ဟုလည်း ပြောဆိုသည်။

AA က ဖမ်းဆီးထားသည့် တပ်မတော်သား ၃ဦးသည် မေလ ၂၀ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အတွင်း ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ တပ်မတော်သား ၃ဦးသည် ဒုတပ်ကြပ် တဦးနှင့် တပ်သားအဆင့် ၂ဦးတို့ ဖြစ်ပြီး AA ၏ သတင်းနှင့် ပြန်ကြား ရေး က ၎င်းတို့ ၃ဦးကို လက်ထိပ် အသီးသီးခတ်ကာ ကြိုးဖြင့် ချည်ထားကာ မတ်တပ်ရပ် အနေအထားဖြင့် လည်း ကောင်း၊ သိမ်းဆည်းရသည့် လက်နက်များ ဆိုသည့် လက်နက်ခဲယမ်းများ ရှေ့တွင် ဒူးထောက် အနေအထား ဖြင့် လည်းကောင်း ဓာတ်ပုံများ ရိုက်ယူပြီး တပ်မတော်သားများကို ဖမ်းထားကြောင်း သတင်း ထုတ်ပြန် ထားသည်။

ဖမ်းဆီးထားသည့် တပ်မတော်သားများ ကိစ္စကို မေလ ၂၄ရက်တွင် ဧရာဝတီက မေးမြန်းရာ AA ၏ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ ဦးခိုင်သုခက ဖမ်းဆီးထားသူ ၃ဦးကို ICRC မှတဆင့် ပြန်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ ကြောင်း၊ ဖမ်းဆီးထားသည့် တပ်မတော်သား ၃ဦးကို ဂျနီဗာကွန်ဗန်းရှင်း အရ ထိန်းသိမ်းထားကြောင်း၊၂၀၁၅ ခုနှစ်ကလည်း တကြိမ် လွှဲပြောင်းပေးဖူးကြောင်း၊ ICRC ဘက်မှ လက်ခံမည်ဆိုပါက အဖွဲ့အစည်းတွင်း တိုင်ပင်ပြီး ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက် အမှတ်(၃)တွင် ပြည်တွင်းပဋိပက္ခများဖြစ်ပွားရာ၌ ဖမ်းဆီးခံရသည့် စစ်သားများ၊ ဒဏ်ရာရရှိထားခြင်းနှင့် ကျန်းမာရေး မကောင်းသည့် စစ်သားများ အတွက် နှစ်ဖက်တပ်ဖွဲ့များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ၁၉၄၉ ခုနှစ်က ပြဌာန်းထားသည်။

ထိုပြဌာန်းချက်များတွင် နှစ်ဖက်ပစ်ခတ်မှုနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ဧရိယာအတွင်း ဆက်လက်ပစ်ခတ်မှု မပြုလုပ်ဘဲ လက်နက်ချလိုက်ပြီဟု ကြေညာသည့် စစ်သားများ၊ ဒဏ်ရာရထားသည့် စစ်သားများ၊ ဖမ်းဆီးထိန်းသိမ်း ခံရခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် အညံ့ခံထားရသူများကို မည်သည့် အခြေအနေမျိုးမဆို ညှဉ်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်း၊ အစာရေစာ ဖြတ်တောက်ခြင်း၊ ပြန်ပေးဆွဲ ဓားစာခံအဖြစ် ထားခြင်းများ မပြုလုပ်ရဘဲ ဖမ်းဆီးခံရသူ၏ ဂုဏ် သိက္ခာ နှင့် အညီ ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု ပါရှိသည်။

ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံအတွင်းရှိ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များက ဂျနီဗာ ကွန်ဗန်းရှင်း၏ ပြဌာန်းချက်များကို ကျင့်သုံး လိုက်နာရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ် ရေးထိုးထားကြောင်း သိရသည်။

ယနေ့ ICRC ဘက်မှ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဧရာဝတီက AA နှင့် ICRC တို့ကြား ဆက်သွယ်မှု ရှိမရှိ ထပ်မံ မေးမြန်းရာ ဦးခိုင်သုခက “မရှိဘူး။ ဘာမှမရှိဘူး။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆက်သွယ်တာ မရှိဘူး။ ကျနော်တို့ ဘက်ကလည်း လွှဲပြောင်းပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးဗျ”ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်သား ၃ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ ၃ဦးအရေးကို မည်သို့ လုပ်ဆောင် မည် ဆိုသည်ကိုလည်း AA ဘက်မှ မဆုံးဖြတ်ရသေးကြောင်း ဦးခိုင်သုခက ထပ်မံ ပြောဆိုသည်။

ဆက်လက်၍ ဦးခိုင်သုခက “သူတို့ (ICRC) ဘက်က အဲ့ဒီလို စိတ်ဓာတ်ရှိတာတော့ ကောင်းပါတယ်။ တခုရှိတာက လွန်ခဲ့တဲ့ ၂၀၁၅တုန်းက ကျနော်တို့ အဲ့ဒီ ICRC ကို လွှဲပေးလိုက်တဲ့ ဗမာစစ်သားတွေ သူတို့ ဗမာပြည်ကို ရောက်ပြီးမှပဲ အဲ့ဒီလူတွေက ဗမာစစ်တပ်ဆီမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး ထောင် ၁၀ နှစ် ကျသွားတယ်လို့ ကျနော်တို့ သိရတယ်ဗျ။ အဲ့ဒါကြောင့် သူတို့က တကယ်ပဲ အဲ့ဒီလူတွေကို လုံခြုံရေး ပေးနိုင်လားဆိုတာ မေးခွန်း ထုတ်စရာ ရှိတာပေါ့ဗျာ”ဟု ပြော သည်။

ဦးခိုင်သုခ ပြောဆိုသည့် ၂၀၁၅ ခုနှစ်က ပြန်လည် လွှဲပြောင်းပေးလိုက်သည့် တပ်မတော်သားများကို နှိပ်စက် ညှဉ်းပန်း ပြီး တပ်မတော်က ထောင် ၁၀ နှစ်ချလိုက်သည် ဟူသည့် အချက်ကို ဧရာဝတီက တပ်မတော် ပြောရေး ဆိုခွင့် ရှိသူများ ထံ မှ သီးခြား မှတ်ချက် ရယူနိုင်ခြင်း မရှိသေးပါ။

Mr. Fabrizio Carboni က ICRC အနေဖြင့် တဖက်လက်နက်ကိုင် အဖွဲ့အစည်းမှ ဖမ်းဆီးထားသည့် အကျဉ်းသား များ ကို ပြန်လည် လွှဲပြောင်းရေး မလုပ်ခင်အချိန်တွင် အကျဉ်းသားများနှင့် တွေ့ဆုံပြီး ပြန်လိုစိတ် ရှိမရှိ မေးမြန်း ကြောင်း၊ ဖမ်းဆီးခံပြီး မိခင်အဖွဲ့အစည်းထံ ပြန်သွားပြီးနောက် နောက်ဆက်တွဲ မည်သို့ ဖြစ်လာနိုင်သည်ကိုလည်း အကျဉ်းသား ထံမှ မေးမြန်းပြီး ICRC တွင် ရှိသည့် အချက်အလက်များကိုလည်း ဝေမျှကြောင်း၊ အကျဉ်းသား၏ စိတ် ဆန္ဒ ရှိမှသာ ပြန်လည် လွှဲပြောင်းရေး လုပ်ငန်းကို ဆောင်ရွက်ကြောင်း ပြောသည်။

ဆက်လက်၍ Mr. Fabrizio Carboni က“ပြန်လည် လွှဲပြောင်းရေး လုပ်ပြီး သူတို့ ပြန်သွားတဲ့အချိန် ဘာတွေဖြစ်လဲ ဆိုတာလည်း ကျနော်တို့ နောက်ဆက်တွဲ အကြောင်းအရာတွေကို ဂရုစိုက်ပြီး ဆက်လိုက်ပါတယ်။ အဲ့ဒါက ကျနော်တို့ အကာအကွယ် ပေးရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတခုပါ”ဟု ပြောဆိုသည်။

Mr. Fabrizio Carboni က ဖမ်းဆီးခံထားရသူများ ပြန်လည် လွှဲပြောင်းရေး ကိစ္စတွင် ကူညီရန် အဆင်သင့် ရှိကြောင်း၊ ယခု ကိစ္စသာမက အနာဂတ်တွင်လည်း ကူညီမည်ဟု ပြောသည်။

၂၀၁၅ ခုနှစ် မတ်လ ကလည်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်ဘက်မှ ဒုတပ်ကြပ် တဦးနှင့် တပ်သား တဦးတို့ကို AA ဘက်က ဖမ်းဆီးမိပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ICRC ကို ပြန်လည် လွှဲပြောင်း ပေးဖူးသည်။

တပ်မတော်ဘက်ကမူ တိုက်ပွဲများအတွင်း ဖမ်းမိသည့် လက်နက်ကိုင်အဖွဲ့အစည်းမှ စစ်သားများကို ပြန်လည် လွှဲပြောင်း ပေးခြင်းမရှိဘဲ တရားမဝင် အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုပြီး တရားရုံးတင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်း ပူးပေါင်း ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading