အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး တာဝန်ယူထား သူ ဗိုလ်ချုပ်အောင်စိုးကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) အဖြစ် တာဝန်ပေးခန့်လိုက်ကြောင်း သတင်းရရှိ သည်။
ဗိုလ်ချုပ်အောင်စိုးအား မကြာမီရက်ပိုင်းက တာဝန်မှ အနားပေးခံရသည့် ကစထမှူး(၆)အဖြစ် တာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၏ နေရာတွင် အစားထိုးခန့်အပ် လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း ဗိုလ်ချုပ်အောင်စိုးသည် တပ်မ ၃၃ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဖြစ်လာကာ၊ NLD အစိုးရလက်ထက် တွင်လည်း ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ယခုကဲ့သို့ အစိုးရအဖွဲ့တွင် ဒုဝန်ကြီး တာဝန်ယူထားသူကို တပ်မတော်သို့ ပြန်လည်ခေါ်ယူ၍ ရာထူးတိုးကာ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ပေးအပ် ခြင်းမှာ ရှားပါးသော ဖြစ်စဉ်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“အစိုးရအဖွဲ့မှာ တာဝန်ပေးပြီးမှ တပ်မတော်မှာ ရာထူးပြန်တိုးတာ တော်တော်ရှားတယ်။ သူ (ဗိုလ်ချုပ်အောင်စိုး) ဆိုရင် ပထမဆုံးလို့ တောင် ပြောလို့ရတယ်”ဟု ၎င်းက ပြောသည်။
ယခုအခါ ဗိုလ်ချုပ်အောင်စိုး တာဝန်ယူခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာန ဒု ဝန်ကြီးအဖြစ် စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်အောင်သူ အား တာဝန်ပေးလိုက်ကြောင်း သိရသည်။
NLD လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းကလည်း ဗိုလ်ချုပ်အောင်စိုးမှာ အစိုးရကိစ္စရပ်များကို ဖြေရှင်းရန် လွှတ်တော်သို့ အမြဲလာရောက်ရသူ ဖြစ်ပြီး NLD အစိုးရ၊ လွှတ်တော်နှင့်ပါ ဆက်ဆံရေး ကောင်းမွန်သူ တဦးလည်း ဖြစ်၍ ယခုလို ပြောင်းရွေ့သွားခြင်းအပေါ်တွင်လည်း နှမြောမိကြောင်း ပြောသည်။
အနားပေးခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောမှာ အနောက်တောင်တိုင်း၊ တောင်ပိုင်း တိုင်းနှင့် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်တို့ ပါဝင်သည့် ကစထမှူး(၃) အဖြစ် ကိုင်တွယ်ခဲ့သူဖြစ်ပြီး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) တွင် အဖွဲ့ဝင်တဦး ဖြစ်ပြီး နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစည်းအဝေး များတွင် ပါဝင်တက်ရောက် ခဲ့သူ လည်း ဖြစ်သည်။
၎င်း ကစထမှူးအဖြစ် တာဝန်ယူချိန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ရခိုင်ပြည်နယ်၌ ARSA အကြမ်းဖက်သမား များက တိုက်ခိုက်၍ တပ်မတော်မှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာ ဘင်္ဂါလီ ၆သိန်းခန့် ဘင်္ဂလားဒေ့ရှ့်ဘက်သို့ ထွက်ပြေးသည့် ဖြစ်စဉ်များ ဖြစ်ပွားသကဲ့သို့၊ တောင်ပိုင်းတိုင်း အတွင်း၌ လည်း ငြိမ်းချမ်းရေး ရယူထားသည့် ကရင်အဖွဲ့ အစည်းများနှင့် ပြဿနာရပ်များ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်အသိုင်းအဝန်းအတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇောမှာ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ ၆)ကို တာဝန်ယူ နေစဉ် ဗိုလ်ချုပ်အောင်စိုးနှင့် အစားထိုးခံရခြင်းဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် DSA အပတ်စဉ် ၂၄ မှ ဖြစ်ပြီး တပ်မ ၃၃ တပ်မှူး၊ ၂၀၁၀ ခုနှစ်တွင် အရှေ့မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တာဝန်ယူခဲ့ပြီးနောက် စစ်ဆင်းရေး အထူးအဖွဲ့ မှူးအဖြစ် တာဝန်ပေးခံရသူ တဦး ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူ နေသူ ဗိုလ်ချုပ် ညီညီ ဆွေနှင့် အမှတ် ၁၀၁ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ဇံတို့ကိုလည်း ဖားကန့်ဒေသ ကျောက်စိမ်းတွင်း ငွေကြေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တပ်မတော် အရန်အင်အားသို့ ပြောင်းရွေ့တာဝန်ပေးခဲ့ပြီးနောက်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးသစ်အဖြစ် ရန်ကုန် တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲမင်းဦးကို ထားရှိမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။