မွတ်စလင် ဒုက္ခသည်များ ပြန်လည် လက်ခံနိုင်ရေး မြန်မာဘက်မှ အဆင့်သင့် ဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းမှ ပြန်ပို့ ရန် အဆင့်သင့် မဖြစ်သေးသည်ကို တွေ့ရှိခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သူ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ချုပ် ဦးဌေးလှိုင်က ယနေ့ နေပြည်တော်တွင် ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ အဆင့်မြင့် အရာရှိကြီးများဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် အစည်းအဝေးတခုကို ဒုတိယအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ တတိယပတ်အတွင်းက ပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်စဉ် ဆွေးနွေးချက်များအရ ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးဌေးလှိုင်က “ကျနေ်ာတို့က အသင့်မဖြစ်သေးဘူးလို့ ပြောရတာက ကျနေ်ာတို့ ပေးထားတဲ့ပုံစံကို မြေပြင်ကို ချထား မပေးသေးဘူး။ ပြန်လာရမယ်ဆိုတာကို အောက်ခြေက လူတွေ မသိဘူး။ သိအောင်လည်း သူတို့ (ဘင်္ဂလားဒေ့ရှ် အစိုးရ) လုပ်မပေးဘူး။ နောက်တခုက ပြန်လွှဲဖို့ နေရာတွေမှာလည်း စခန်းတွေ ဆောက်တာ အသင့်မဖြစ်သေးဘူး”ဟု သတင်းထောက်များကို ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမြင့်သူ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မေလ ၁၇ ရက်နေ့မှ စတင်ကာ သွားရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“တိတိကျကျ အဖြေ မထွက်တာကတော့ ပြန်ပို့ဖို့ အချိန် မပြောနိုင်တာပါပဲ။ ကျနော်တို့ဘက်ကတော့ အသင့်ဖြစ်တဲ့ အနေအထားတွေ အားလုံးကို ရှင်းပြခဲ့တယ်။ သူတို့ဘက်ကတော့ ဒီလထဲမှာ အပြီးလုပ်ပါမယ်လို့ပဲ ပြောပါတယ်။ ကျနော်တို့ကို ပါဝါပွိုင့်နဲ့ပြတာကတော့ ရေထဲဆင်းဖို့ တံတားလေးတစီး ထိုးထားတဲ့ပုံလေးပဲ ပြနိုင်ပါတယ်”ဟု လဝက အရာရှိ ဦးဌေးလှိုင်က ပြောသည်။
နိုင်ငံတကာတွင် ဒုက္ခသည် လက်ခံရေး မြန်မာဘက်မှ အဆင်သင့် မဖြစ်ကြောင်း သတင်းလွှင့်နေသော်လည်း အမှန်တကယ်တွင် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် အသင့်မဖြစ်သေးခြင်း ဖြစ်ကြောင်း၊ မြန်မာဘက်မှ ပြန်လည် လက်ခံရန် စခန်း ၂ ခုမှာ စတင်ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ပြန်ပို့မည့် စခန်း ၅ ခုမှာ အသင့်မဖြစ်သေးကြောင်း ယခု ခရီးစဉ်ကို သွားရောက်ခဲ့သူများက ပြောသည်။
ထို့ပြင် မြန်မာဘက်က ၂ နိုင်ငံ သဘောတူထားသည့် ပုံစံအတိုင်း ဆက်လက် ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ရပြီး ပထမအကြိမ် ပြန်လာလိုသူများ စာရင်း ပေးပို့ခဲ့စဉ်ကလည်း သဘောတူညီချက်များအတိုင်း မလိုက်နာခဲ့၍ စိစစ်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ ရသည်ဟု မြန်မာ အရာရှိများက ပြောဆိုခဲ့ပြီး ဖြစ်သည်။
၎င်းတို့ထံမှ ရရှိလာသည့် လူ ၈၀၀၀ ကျော် စာရင်းကို စိစစ်၍ ပြန်လည် လက်ခံနိုင်မည့် လူ ၁၀၀၀ ကျော်စာရင်းကို ပြန်လည် ပေးပို့ခဲ့ သော်လည်း ယင်း ၁၀၀၀ ကျော်ကိုလည်း ပြန်လည် လွှဲပြောင်းခြင်း မရှိကြောင်း၊ ပြန်လာလိုသူများသည် မြန်မာနိုင်ငံတွင် နေထိုင်ဖူးသူ ဖြစ်ရန်နှင့် ကာယကံရှင်ကိုယ်တိုင် ပြန်လာလိုစိတ် ရှိရန်မှာ အရေးကြီးဆုံး အချက်ဖြစ်ကြောင်း လဝက အရာရှိများက ပြောသည်။
မနေ့က ၂ နိုင်ငံ ချစ်ကြည်ရေး တံတားအနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ပြုလုပ်ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ရင်းမှူးများ အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် ၂ နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် မြန်မာနိုင်ငံဖက်မှ အသံချဲ့စက်များဖြင့် ပြောဆိုနေသဖြင့် ၎င်းအသံချဲ့စက်ဆူညံသံကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်နေထိုင်သည့် နိုင်ငံသားများမှ စိုးရိမ်ပူပန်နေပြီး စာသင်ကျောင်းများ၊ သင်တန်းကျောင်းများရှိသဖြင့် ၎င်း အသံချဲ့စက်ဖွင့်ခြင်းအား အသံလျှော့ချပေးရန်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခဲ့သည်။
၂ နိုင်ငံ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း ယခုလောလောဆယ်တွင် မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်နိုင်ရေး ကိစ္စမှာ အဆင်မပြေမှုများ ဖြစ်နေသေးကြောင်း၊ နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော် အနေဖြင့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှုများရှိပါက မိမိတို့ထံ အသိပေး အကြောင်းကြားစေလိုကြောင်း အချက်များကိုလည်း ၎င်းတို့ဘက်က တောင်းဆိုခဲ့သည်ဟု သိရသည်။
မြန်မာဘက်ကလည်း ၂ နိုင်ငံနယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းတွင် CCTV ကင်မရာ ၄လုံး တပ်ဆင်ခြင်းနှင့် လုံခြုံရေး ဆိုလာမီးတိုင် ၁၀ တိုင်တပ်ဆင်ထားခြင်း များသည် တဖက် နိုင်ငံနယ်မြေ အခြေအနေများနှင့် လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းရယူခြင်းဖြစ်၍ ကုလသမဂ္ဂ စည်းမျဉ်းအရ စည်းမျဉ်းအရ မလုပ်သင့်သည်ကို လုပ်သည့်သဘောဖြစ် သောကြောင့် အမြန်ဖယ်ရှားပေး စေလိုကြောင်း ပြန်လည် တောင်းဆိုခဲ့သည်ဟု သိရသည်။