အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် အသစ်များ ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွှန့်က ယမန်နေ့က နေပြည်တော် တွင် ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင် အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
“စီအီးစီတွေ ထပ်တိုးချဲ့ဖို့ အစကတည်းက ရည်ရွယ်ချက် ရှိပါတယ်။ အခုတော့ အတိအကျ မပြောနိုင်သေးဘူး။ ညီလာခံ ပြီးရင်တော့ အပြီးသတ် ဆုံးဖြတ်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
NLD ပါတီညီလာခံကို လာမည့် ဇွန်လ ၂၃၊ ၂၄ ရက်များတွင် ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်နေပြီး NLD ပါတီမှ ဗဟို ကော်မတီဝင်များ ဖြစ်ကြသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွှန့်နှင့် ဒီလှိုင်းဂျာနယ် အယ်ဒီတာ မုံရွာအောင်ရှင်တို့မှာ NLD စီအီးစီ ဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိတွင် NLD ပါတီ ဥက္ကဌတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်က ရယူထားပြီး ဒုတိယ ဥက္ကဌအဖြစ် ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဌ (၂) အဖြစ် ဒေါက်တာ ဇော်မြင့်မောင်၊ အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့က တာဝန်ယူထားသည်။
ဗဟိုအလုပ်ဆောင် အဖွဲ့ဝင်များမှာ ဒေါက်တာ မေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ အောင်မိုးညို၊ ဦးညီပု၊ ဦးအောင်စိုး၊ ဒေါက်တာမျိုးညွှန့်နှင့် ဦးဖြိုးမင်းသိန်းတို့ ဖြစ်ကြသည်။
ယခု ထပ်မံဖွဲ့စည်းမည့် ပါတီ စီးအီစီတွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်အောင် ဖွဲ့စည်းမည် ဖြစ်ကြောင်းလည်း သိရသည်။
မကြာမီ ကျင်းပတော့မည် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း နေရာတိုင်း အနိုင်ရရှိအောင် နေရာပြည့် ယှဉ်ပြိုင်သွားမည်ဟု သိရပြီး ကိုယ်စားလှယ် ရွေးချယ်ရေးမူမှာ အရည်အချင်း တူပါက လူငယ်၊ အမျိုးသမီးနှင့် တိုင်းရင်းသားကို ဦးစားပေးမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ သီးသန့် မဖွဲ့ဘဲ ပါတီ CEC က ဦးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
NLD ပါတီဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း မည်သည့်အတွက်ကြောင့် နုတ်ထွက်ရခြင်းနှင့် ပတ်သက်၍မူ ပါတီက မသိရှိကြောင်းနှင့် ၎င်းနေရာတွင် အစားထိုးမည့် ပုဂ္ဂိုလ်ကိုလည်း မသိကြောင်း ဒေါက်တာ မျိုးညွှန့်က ပြောသည်။
“အုပ်ချုပ်ရေးက သပ်သပ်၊ ပါတီက သပ်သပ်ပါ”ဟု ၎င်းက ပြောသည်။ သို့သော် ယခင်က အစိုးရအဖွဲ့ အပြောင်းအလဲများ ကို ဦးဝင်းထိန် ရှိစဉ်က တာဝန်ခံ ပြောဆိုမှုများ ရှိခဲ့ဖူးသည်။ ထို့ပြင် ပြည်ထောင်စု ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ အပြောင်း အလဲကို အတည်မပြုနိုင်သလို ပြောင်းလဲမည့် အစီအစဉ်လည်း မရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။