အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် တိုင်ကြားခံရသည့် နိုင်ငံရေး ရာထူးယူထားသူများအား တိုက်ရိုက်အရေးယူနိုင်ခြင်း မရှိဘဲ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းများမှတဆင့် အရေးယူသည့် ပုံစံဖြင့် ကိုင်တွယ်နေရသည်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း တာဝန်မှ နုတ်ထွက်မှုက ပြနေကြောင်း နေပြည်တော်ရှိ နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဆွေးနွေးလာကြသည်။
လတ်တလော သမ္မတ၏ အမိန့်ဖြင့် နုတ်ထွက်ခွင့်ပြုထားသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းသည် ၂၀၁၅ ရွေးကောက် ပွဲတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်မှ ရွေးကောက်ခံထားရသူ တဦးဖြစ်သည်။ အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံရသောကြောင့် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို ခံရပြီး ကော်မရှင်က တွေ့ရှိချက်ကို အများပြည်သူထံ မထုတ်ပြန်သေးပဲ သမ္မတထံ တင်ပြထားသည်။
အာဏာရ NLD ပါတီ ပြောခွင့်ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွှန့်က “ကိုယ်စားလှယ်တွေကို အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားတဲ့ အခါ အရေးယူလို့ မရဘူးဆိုပြီး ကျနော်တို့ကို ပြန်လွှဲပါတယ်။ သူတို့က ဥပဒေနဲ့ သွားရတာကိုး။ ဥပဒေမှာပါတဲ့ အချက်အလက်ကိုပဲ လုပ်လို့ရတယ်။ ကျနော်တို့က ကျော်ဇောတယ်။ ပါတီပုံရိပ် ထိခိုက်တာမျိုးဆိုရင် ကျနော်တို့က အရေးယူလို့ ရတယ်”ဟု ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် ကိုယ်စားလှယ်များကို အရေးမယူချင်၍ မဟုတ်ဘဲ ဥပဒေကြောင်းအရ အကန့် အသတ် တချို့ ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းသည်က ပိုကောင်းသော နည်းလမ်းဖြစ်ကြောင်း ယင်းကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွှန့်က ဧရာဝတီသို့ ပြောသည်။
“ကျနေ်ာတို့ အရေးယူလို့ရရင် အရေးယူပါတယ်။ ဒါပေမယ့် ရှင်းအောင် ပြောရရင် ကိုယ်စားလှယ်နဲ့ ပတ်သက်ရင်တော့ လွှတ်တော်ဘက်ကပဲ အရေးယူသင့်တယ်”ဟု ၎င်းက ပြောသည်။
ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက “ကိုယ်စားလှယ်တွေကို အရေးယူနိုင်စရာ ဥပဒေ မရှိသေးဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ မည်သူမဆို ဆိုတာ ပါပေမယ့် တကယ်လို့ စစ်ဆေးလို့ မှန်ရင်တောင် သူတို့က တိုက်ရိုက်အရေးယူလို့ မရဘူး။ ကျနော်တို့က ရွေးချယ်ခံတွေ ဖြစ်တဲ့အတွက် မူအရ သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းကိုပဲ အကြောင်းကြားရတယ်”ဟု ရှင်းပြသည်။
တချို့ကိစ္စရပ်များတွင် လွှတ်တော် ဥက္ကဌကို တင်ပြပြီးတော့ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး လက်ရှိ နိုင်ငံရေး ရာထူး ရှိထားသူများ၊ ဒုဝန်ကြီးနှင့် အထက် အဆင့်ရှိသူများကို အရေးယူလိုပါက ကော်မရှင်သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ ခွင့်ပြုချက် တောင်း ရမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနသို့ ပြန်လွှဲပေးခြင်းမျိုးလည်း ရှိကြောင်း ၎င်းက ဆိုသည်။
“ဦးကျော်ဝင်းကိစ္စဆိုရင် ကော်မရှင်က သမ္မတဆီပို့တယ်။ သမ္မတကလည်း နုတ်ထွက် ခွင့်တင်လာတော့ ခွင့်ပြုထားတယ်။ ဒီသဘောပဲ။ အပြစ်ပေးဖို့ကတော့ ဆက်လုပ်ရင်လည်း လုပ်မှာပေါ့။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့လူတွေကို အရေးယူမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်လိုတယ်။ ညွှန်ချုပ်အဆင့်အထိက လုပ်ရတာ လွယ်တယ်။ နိုင်ငံရေးရာထူး ရှိတဲ့သူဆိုရင်တော့ နည်းနည်းခက်တယ်”ဟု ဦးနေမျိုးထွန်းက သုံးသပ်သည်။
လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်သူက ရွေးချယ်ထားသူများ ဖြစ်၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့နှင့် ကိုက်ညီအောင် ဆောင်ရွက်ရကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကို ပြန်လည် ရုတ်သိမ်းသည့် ဥပဒေမှာလည်း ယနေ့အချိန်အထိ ပြဌာန်းနိုင်မှု မရှိသေး၍ ယခုအချက်ကို ပြည်တွင်း၊ ပြည်ပ ဝေဖန်မှုများ ရှိနေကြောင်း ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောသည်။
ထို့ကြောင့် စည်းကမ်းချိုးဖောက်သည့် ကိုယ်စားလှယ်များကို သက်ဆိုင်ရာပါတီများကသာ အရေးယူခြင်းများ ရှိနေပြီး အာဏာရပါတီ NLD ကမူ လွှတ်တော်ကိုယ်စားလှယ်များကို ထုတ်ပစ်သည်အထိ အရေးမယူခြင်းမျိုး မရှိဘဲ နုတ်ဖြင့်၊ စာဖြင့် သတိပေးခြင်း၊ လက်ရှိ ပါတီတာဝန်မှ ရပ်စဲခြင်း စသည်တို့ ပြုလုပ်နေရကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။
၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း ယနေ့အချိန်အထိ ပါတီ၏ စည်းမျဉ်း၊ စည်းကမ်းများ ချိုးဖောက်သဖြင့် အရေးယူခံရသော NLD လွှတ်တော် ကိုယ်စားလှယ် ၄၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာများသို့ ပြောဆိုထားသည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲ ရောက်သည့်အခါတွင်မူ NLD ကိုယ်စားလှယ်များကို သတိပေးခံရမှု အကြိမ်အရည်အတွက်နှင့် ပြစ်မှု အမျိုးအစားပေါ် မူတည်ပြီး ပါတီမှ ထုတ်ပစ်သည်အထိ အရေးယူခြင်းမျိုး ရှိလာနိုင်ကြောင်း၊ ယနေ့အချိန်တွင် ထုတ်ပစ်ပါက လွှတ်တော်တွင် အင်အားလျော့နည်းနိုင်၍ မထုတ်ပစ်သေးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။