နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် တည်ထားသည့် ဗုဒ္ဓရုပ်ပွားတော် တချို့၌ လက်အနေအထား မုဒြာပုံစံမှာ ထေရ ဝါဒ ဘုရားဟော ကျန်းဂန်များနှင့် အညီ ထုလုပ်ပူဇော်ထားခြင်းမဟုတ်သဖြင့် ပြန်ပြင်ရန် ညွှန်ကြားချက်ပေးထားပြီး၊ မလိုက် နာပါက သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရသည်။
အဆိုပါ မြို့ကြီးများရှိ ကျန်းဂန်နှင့် မညီညွတ်သည့် မုဒြာများထုလုပ်ထားသော ကျောင်းတိုက်များသို့ သက်ဆိုင်ရာ မြို့နယ် သာသနာရေးမှူးများ စေလွှတ်ခြင်း၊ မြို့နယ် သံဃာ့မဟာနာယကမှ တဆင့် ဆုံးမသြဝါဒပေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် မန္တလေးမြို့တွင် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ပေးခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
“မန္တလေးမှာတော့ အဲဒီမုဒြာတွေကို ပြန်ပြင်နေပြီ။ အခု နေပြည်တော်မှာလည်း ကျနော်တို့ ဆောင်ရွက် နေတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ထုလုပ်တဲ့ ပညာရှင်ကိုလည်း သတိပေးရတယ်။ လက်ခံတဲ့ သက်ဆိုင် ရာ ကျောင်းတိုက်က ဆရာတော်တွေ ကို လည်း မြို့နယ်သံဃာမဟာနာယက ကတဆင့် ဆုံးမ သြဝါဒ ပေးရတယ်။ အဲဒီလို ၂ ပိုင်း သွားရတယ်။ ဒါပေမယ့် လိုက်နာဆောင် ရွက်ခြင်း မရှိရင် သာသနာတော် ညိုနွမ်းစေမှု ၂၉၅(က)နဲ့ ဥပဒေအတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ထူးခြားသည့် မုဒြာဟန်များ ထုလုပ်ထားသည့် နေပြည်တော် ပျဉ်းမနားမြို့ မင်းဝင်တောင် ပေါ်မှ စိန္တာမုနိ ကျောင်းတိုက် ဆရာတော် အရှင် စန္ဒိမာသာရက ယခု မုဒြာဟန် ဘုရားများသည် ပုဂံခေတ်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ပြီး ယခုခေတ် လူများမှာ နားမလည်၍ ပြောဆိုနေခြင်းများ ဖြစ်ကြောင်း ဧရာဝတီသို့ မိန့်သည်။
“သူတို့က ဗဟုသုတမရှိလို့ ဘုန်းဘုန်းကို တိုက်ခိုက်ကြတာ။ ဘုန်းဘုန်းက ဘာမှ မဖြစ်ဘူး။ သူတို့ပဲ ရှုံးသွားတာ။ ဒါမျိုး မရှိဘူး။ ဘုရား မဟုတ်ဘူးဆိုပြီး ပြောကြတယ်။ ဘုရားက လက်ကို အနောက် ပစ်ထားတယ်ဆိုပြီး ဝေဖန်ကြတာပေါ့။ ဘုန်းဘုန်းက စိတ်မဆိုးဘူး။ ပျဉ်းမနား လူတွေကလည်း တိုင်တယ်”ဟု ဆရာတော်က မိန့်ကြားသည်။
ယင်း မင်းဝင်တောင်ပေါ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်ကို အမှူးထားပြီး ဗိုလ်ချုပ် သိန်းနိုင်ရဲ့ အလှူ၊ သူရ ဦးရွှေမန်း နာမည် လှူထားသည့် ဘုရား၊ တိုင်းမှူးများ၊ အစိုးရ အရာရှိများ၊ ကုမ္ဗဏီကြီးများက လှူထားသည့် ဘုရား၊ စေတီပေါင်း ၂၀၀ ကျော် ရှိပြီး လက်ရှိ အာဏာရပါတီမှ လူပုဂ္ဂိုလ်တချို့လည်း ဆရာတော်ထံသို့ လာရောက် ဖူးမျှော်လျက်ရှိကြောင်း စုံစမ်း သိရသည်။
“မနှစ်ကလည်း ပိဋကတ် ၃ ပုံ နန်းတော် တည်တယ်။ ဝါဝါဝင်း၊ ရာဇာဝင်း တည်တယ်။ ဘုရားနီကို မွမ်းမံတာပေါ့။ သစ္စာဆို တည်ထားတဲ့ ဘုရားတွေချည်းပဲ။ မသိဘဲနဲ့ ဝိုင်းတိုက်ခိုက်ကြတယ်။ ဖေ့စ်ဘွခ်တင်တဲ့ကောင်တွေလည်း စီးပွားရေးတွေ ကျကုန်ပြီ။ သာသနာရေး ဦးစီးဌာနကလည်း လာစစ်သေးတယ်။ လူတွေက ငယ်ငယ်လေးတွေပါ။ ခက်တယ်” လို့ ဆရာတော်က မိန့်ကြားသည်။
မန္တလေးမြို့ ချမ်အေးသာစံ မြို့နယ် ၆၂ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ဝေပုလ္လာရာမ မက္ခရာကျောင်း တိုက် ပြည်တော်အေး ကမ္ဘာ့ ဒုက္ကရစရိယာ ရုပ်တုတော်ကြီးဝင်း အတွင်း တည်ထားသည့် မုဒြာဟန် အမျိုးမျိုး ဗုဒ္ဓ ရုပ်ပွားတော်များသည် ထေရဝါဒ သာသနာနှင့် ကိုုက်ညီမှုမရှိ၊ ဗုုဒ္̔ဓဘာသာများ၏ အမြင်တွင်လည်း တင့်တယ်မှု မရှိ၍ ယင်းရုပ်ပွားတော်တွေကို ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ဗုဒ္ဓဘုရား၏ ကြည်ညိုဖွယ်၊ နှစ်သက်ဖွယ်၊ ဂါရဝ ဖြစ်ဖွယ် ဖြစ်စေမည့် မုဒြာပေါင်း ၁၀၈ မျိုး ရှိရာ အသုံးများသည့် ၅၇ မျိုးထဲ တွင် ကြည်ညိုဖွယ်၊ နှစ်သက်ဖွယ်၊ ဂါရဝ ဖြစ်ဖွယ်ဖြစ်သော ထေရဝါဒ၊ ဘုရားဟော ကျမ်းဂန်နှင့် ညီညွှတ်သည့် မုဒြာ ၂၄ မျိုး ရှိကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။
“အခုလိုက အဂါရဝ ဖြစ်တဲ့ ကိစ္စဖြစ်တယ်။ ဖြစ်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြင်ပါဆိုပြီး တော့ သွားရောက်ပြီး တော့ သတိပေး တယ်။ သတိပေးတဲ့အခါ သက်ဆိုင်ရာ ထုလုပ်တဲ့ ပညာရှင်တွေ ကိုလည်း ခေါ်ယူသတိပေးတယ်။ သက်ဆိုင်ရာ အခုလိုထား ရှိတဲ့ ကျောင်းတိုက်က ဆရာတော်တွေ ကိုလည်း မြို့နယ် သံဃာမဟာနာယက က ခေါ်ယူသတိပေး ဆုံးမပါတယ်”ဟု သာသာနာရေး အရာရှိ ဦးဇာနည်ဝင်းက ပြောဆိုခဲ့သည်။