မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ကုန်သင်္ဘောတစီးမှ မက်သာဖက်တမင်း စိတ်ကြွဆေး(ရာဘ) ၁.၂ တန်ကို မလေးရှား အာဏာပိုင်များက မေလ ၂၂ရက်နေ့က စံချိန်တင် ဖမ်းမိကြောင်း သိရပါတယ်။
အဆိုပါ မက်သာဖက်တမင်းများကို လက်ဖက်ခြောက် ကဲ့သို့ ထုတ်ပိုးထားပြီး၊ ရန်ကုန်ဆိပ်ကမ်းမှ ကွာလာလမ်ပူမြို့ ပို့ကလန် ဆိပ်ကမ်းသို့ တင်ပို့လိုက်ခြင်းဖြစ်ကြာင်း မလေးရှား အကောက်ခွန် အရာရှိချုပ် ဆူဘရိုမန်နီယမ် ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post က ရေးပါတယ်။
“ဒါဟာ မလေးရှားသမိုင်းမှာ တန်ဖိုးနဲ့ အလေးချိန်အများဆုံး ဖမ်းဆီမိတာဖြစ်တယ်လို့ သူကဆိုပါ တယ်။
အဆိုပါ သင်္ဘောကို မေလ ၂၂ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကွာလမ်လမ်ပူ အခြေစိုက် မလေးရှား ကုမ္ပဏီတခုအတွက် စားသောက်ကုန်များအဖြစ် ကြေညာကာ တင်သွင်းလာခြင်းဖြစ်ပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာ ၃ဦးနဲ့ မလေးရှား ၃ဦးကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။
“ကျနော်တို့ စစ်ဆေးနေဆဲပဲ၊ ဒါပေမယ့် ယုံကြည်ရတာကတော့ မြန်မာက အဖွဲ့ကြီးတခုနဲ့ မလေးရှားက အဖွဲ့တွေ ချိတ်ဆက်လုပ်တာပဲ” လို့ မလေးရှား အကောက်ခွန် အရာရှိချုပ် ဆူဘရိုမန်နီယမ် ကဆိုပါတယ်။