သတင်း

ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်အဖွဲ့ မြောက်ကိုရီးယားသို့ရောက်နေဟု ထရမ့်ပြော

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံမည့် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် အမေရိကန် အဖွဲ့တဖွဲ့ မြောက်ကိုရီးယားသို့ ရောက်ရှိနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က လူမှုကွန်ရက် Twitter တွင်ရေးသားထားသည်။

“ကင်ဂျုံအန်းနဲ့ကျနော့်ရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် အစီအစဉ်တွေလုပ်ဖို့ ကျနော်တို့ အမေရိကန်က အဖွဲ့ တဖွဲ့ မြောက်ကိုရီယားကို ရောက်ရှိနေပါတယ်” ဟု ဒေါ်နယ်ထရမ့်က ရေးသားထားခြင်းဖြစ်ပြီး၊ ဤသည်မှာ အမေရိကန် အရာရှိများ မြောက်ကိုရီးယားသို့ရောက်ရှိနေကြောင်း ဝါရှင်တန်၏ ပထမဆုံး အတည်ပြုချက် လည်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်က မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေး မဖြစ်တော့ကြောင်း ဒေါ်နယ်ထရမ့် ဘက်က တဖက်သတ်ဖျက်သိမ်းလိုက်ပြီးနောက် ယခုအခါ ပြန်လည် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ မြောက်ကိုရီး ယားကလည်း အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပြုလုပ်သည့် Max Thunder 2018 လေကြောင်း စစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်ခြင်းဟု ပြောသည်။

“မြောက်ကိုရီးယားဟာ အင်မတန်ကောင်းမွန်တဲ့ အလားအလာရှိပြီး တနေ့မှာ မဟာစီးပွားရေးနဲ့ ဘဏ္ဍာရေး နိုင်ငံကြီးဖြစ်လာမယ်လို့ ကျနော်အမှန်တကယ်ယုံကြည်ပါတယ်။ ဒီအချက်ကို ကင်ဂျုံအန်း ကလည်း သဘောတူပါတယ်။ အဲဒီလိုဖြစ်လာလိမ့်မယ်” ဟုလည်း ထရမ့်ဆက်လက်ရေးသားသည်။

ထိုဆွေးနွေးပွဲများအပြင် အကြိုရှေ့ပြေးအဖွဲ့တဖွဲ့ကို စင်ကာပူသို့ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုများ ပြုလုပ်ရန် တနင်္ဂနွေနေ့က စေလွှတ်ကြောင်းလည်း အိမ်ဖြူတော်ပြောခွင့်ရသူ အမျိုးသမီး ဆာရာ ဆန်းဒါး ကပြောသည်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ပြီးခဲ့သည့် စနေနေ့က ရှောင်တခင် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရေးသားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ စနေနေ့ တွေ့ဆုံပွဲတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကိုရီးယားကျွန်းဆွယ် တွင် လုံးဝနျူကလီးယားဖျက်သိမ်းရေးနှင့် ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပရေး ကတိကဝတ်ကို ထပ်မံအတည်ပြု ပြော ကြား သည်ဟု တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ဆိုးလ်မြို့ တွင် သတင်းထောက်များအား ပြောသည်။

“ဇွန်လ ၁၂ ရက်နေ့ ထိပ်သီးစည်းဝေးပွဲကို အောင်မြင်စွာ ကျင်းပသင့်တယ်၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီး ယားဖျက်သိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေး စနစ်အတွက် ကျနော်တို့ရဲ့အားထုတ်မှုကို မရပ်တန့်သင့်ဘူးလို့ ဥက္ကဌကြီး ကင်နဲ့ကျနော်တို့ သဘောတူကြတယ်” ဟု သမ္မတ မွန်ဂျေးအင်က ပြောသည်။

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဆန်ကင်သည် နယ်စပ်တွင် မြောက်ကိုရီး ယား အရာရှိများနှင့်တွေ့ဆုံမည့် အမေရိကန် အဖွဲ့ကို ဦးဆောင်သည်ဟု အမေရိကန် အရာရှိတဦးက Reuters သတင်းဌာနသို့ပြောသည်။ ပင်တဂွန် အရာရှိတဦးဖြစ်သူ ရန်းဒဲလ် ရှရစ်ဗာသည်လည်း ထိုအဖွဲ့တွင်ပါဝင်သည် ဟုလည်း သိရသည်။

အိမ်ဖြူတော်ရှိ အမျိုးသားလုံခြုံရေးကောင်စီမှ ကိုရီးယားရေးရာကျွမ်းကျင်သူ အလစ်ဆန် ဟွတ်ကာ လည်း ပါဝင်သော ထိုအဖွဲ့သည် မြောက်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချိုဆန်းဟွီနှင့်တွေ့ဆုံ သည်ဟု Washington Post သတင်းစာက ဖေါ်ပြသည်။

ဆွေးနွေးပွဲများကို ပန်မွန်ဂျုံရှိ မြောက်ကိုရီးယား အဆောက်အအုံဖြစ်သော တောင်ဂျီလ်ဂက် တွင် တနင်္လာနှင့် အင်္ဂါနေ့များအထိ ဆက်လက်ကျင်းပမည်ဟုလည်း သိရပြီး၊ ထိုအဆောက်အအုံသည် ၁၉၅၀-၅၃ ကိုရီးယားစစ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သော နေရာလည်းဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စမ်းသပ်သည့် စခန်းများကို ဖျက်သိမ်းခဲ့သော်လည်း သီးခြားလွတ် လပ်သည့် အဖွဲ့များ လာရောက်စစ်ဆေးမှု မပြုခြင်းကြောင့်ဆိုကာ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ခြင်းဖြစ် သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် ပထမဆုံး နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် နျူကလီး ယား နှင့် ဒုံးကျည် အစီအစဉ်များကြောင့် စီးပွားပိတ်စို့မှုကို ကာလကြာရှည်စွာ ရင်ဆိုင် ခဲ့ရသည်။

အမေရိကန်အနေဖြင် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်အစီအစဉ်ကို နှေးကွေးသွားစေရန် ကြိုးစားခဲ့ပြီး၊ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်မကြီး အထိပစ်ခတ်နိုင်သော နျူကလီးယား ဒုံးကျည်ကို ထုတ်လုပ် မည်ဟု ကြေညာချက်ကြောင့် ထိုလက်နက်အစီအစဉ်သည် အမေရိကန်အတွက် ဦးစားပေး လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်လာသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading