သတင်း

ကချင်လူငယ် ခေါင်းဆောင် ၃ ဦးကို တပ်မတော်က အသရေဖျက်မှုဖြင့် တရားစွဲ

Want create site? Find Free WordPress Themes and plugins.

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တပ်မတော်တို့ ပြီးခဲ့သည့် ဧပြီလ အတွင်း ဖြစ်ပွားသော တိုက်ပွဲ နှင့် ပတ်သက်ပြီး တပ်မတော် အပေါ် မဟုတ်မမှန် စကားများ ပြောဆိုသည်ဟူသော အကြောင်းပြချက်ဖြင့် ကချင် လူငယ် ခေါင်းဆောင် ၃ ဦး အသရေ ဖျက်မှုဖြင့် တရားစွဲ ခံရကြောင်း သတင်းရသည်။

အဆိုပါ တိုက်ပွဲ ကာလအတွင်း တပ်မတော်က ပြည်သူများကို ထွက်မပြေးနိုင်ရန် ပိတ်ဆို့ထားပြီး ဖမ်းဆီး သတ်ဖြတ်မှု များ ရှိသည်ဟူသည့် မဟုတ်မမှန် စကားများကြောင့် ကချင် လူငယ် ခေါင်းဆောင် ၃ ဦးအား အသရေဖျက်မှုဖြင့် တရား စွဲဆိုခြင်း ဖြစ်သည်ဟုု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ယမန်နေ့က မြစ်ကြီးနားမြို့ တရားရုံး တွင် ပြောဆိုကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ဦးဆောင် ပြုလုပ်ခဲ့သည့် ထွယ်ဂျန်ဒါ အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နန်ပူ၊ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးဇော်ဂျက်နှင့် တရား လွှတ်တော်ရှေ့နေ ဦးလွမ်းဇောင်းတို့ကို တပ်မတော်အား အသေရဖျက်သည်ဟု ဆိုကာ ပုဒ်မ ၅၀၀ ဖြင့် မေလ ၈ ရက်က တရားရုံးကို မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် ကြည်းတပ်မှ ဒု ဗိုလ်မှူးကြီး မျိုးမင်းဦးက ဦးတိုက် လျှောက်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

မေလ ၁၆ ရက်တွင် ပထမ အကြိမ်ရုံးချိန်း အဖြစ် တရားရုံးက ဆင့်ခေါ်ခဲ့ပြီး မေလ ၂၈ ရက်တွင် ဒုတိယအကြိမ် ရုံးချိန်း ထပ်မံခေါ်ဆိုခြင်း ဖြစ်သည်။

ယမန်နေ့က ဒုတိယအကြိမ် ရုံးချိန်းတွင် တရားလို ဒုဗိုလ်မှူးကြီး မျိုးမင်းဦးကို မေးမြန်း စစ်ဆေးရာ ထိုကဲ့သို့ ပြောဆို ခြင်း ဖြစ်သည်။

ဦးဇော်ဂျက်နှင့် ဦးလွမ်းဇောင်းတို့၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမုန်ဆိုင်းတူး က “ကျနော့်အမှုသည် ကိုလွမ်းဇောင်းက ပြောဆိုခဲ့တာ မရှိဘူး။ စွပ်စွဲခဲ့တာလည်း မရှိဘူး။ ဒီအမှုက ဟုတ်ကို မဟုတ် တာ လို့ ပြောချင်တယ်။ ကိုဇော်ဂျက်နဲ့ ပတ်သက်တာကလည်း သူပြောတဲ့ အဓိပ္ပာယ် အပြည့်အစုံကို ပြောတာ မဟုတ် ဘဲ တရားစွဲလို့ရအောင်ပဲ စကားကို ကွက်ပြီးမှ စွပ်စွဲထားတာ။ ဒါကြောင့် မပြည့်စုံဘူး”ဟု ပြောသည်။

ဦးလွမ်းဇောင်းနှင့် ဦးဇော်ဂျက်တို့ကို အမှုတွဲတခုတည်း အနေဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သော်လည်း ၎င်းတို့ နှစ်ဦး ပြောဆိုခဲ့သည့် နေရာနှင့် နေ့ရက်များမှာ မတူသဖြင့် အမှုပျက်ပြယ်သည်ဟု ယူဆကြောင်း ဦးမုန်ဆိုင်းတူးက ဆိုသည်။

ဆက်လက်၍ ဦးမုန်ဆိုင်းတူးက “ဗိုလ်မှူးကြီးရဲ့ ထွက်ချက်ကို ကျနော် မိတ္တူကူးထားတယ်။ ပြီးရင် ဒီထွက်ချက် အပေါ် မှာ အမှုတွဲချေဖျက်ပေးဖို့ ပြည်နယ် တရားလွှတ်တော်ကို ကျနော်တက်မယ်။ ကျနော့်အတွက် သက်သေလည်း လုံလောက် ပြီ ဖြစ်လို့ သဘက်ခါလောက်ဆို ဆက်လုပ်ပါမယ်” ဟု ပြောသည်။

ဒုဗိုလ်မှူးကြီးမျိုးမင်းဦး က တရားရုံးသို့ ဦးတိုက်လျှောက် တိုင်ကြားထားသည့် စာ၊ တရားရုံးသို့ ဦးတိုက်လျှောက် တိုင် ကြား ရန် မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ ပုံစံ (က/ခ) ယူရာတွင် ရေးသားထားသည့် စာများတွင်လည်း ဦးဇော်ဂျက်နှင့် ဒေါ်နန်ပူတို့ ဆန္ဒပြပွဲနှင့် သတင်းစာ ရှင်းလင်းပွဲများတွင် တပ်မတော်အပေါ် ပြောဆိုချက်များကို ကိုးကားပြီး ထို ပြောဆို ချက်များမှာ မမှန်ကန်ကြောင်းလည်း ရေးသားထားသည်။

ထိုစာများတွင် ဧပြီလ ၃၀ ရက်က မြစ်ကြီးနားမြို့၌ ပိတ်မိပြည်သူများ လွတ်မြောက်ရေးအတွက် လူအင်အား ၃ ထောင် ကျော်ဖြင့် ဆန္ဒထုတ်ဖော်ရာတွင် လူထုနှင့်ဆန္ဒဖော်ထုတ်မှု ဖြစ်မြောက်ရေး ကော်မတီတွင် ဦးဆောင်သူ ဦးလွမ်းဇောင်း တို့ က “လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံးကျဲခြင်းရပ်” “ပြည်သူများအား ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှု ချက်ချင်း ရပ်” ဟူသည့် စကားများ ပြောဆိုပြီး မေလ ၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဒေါ်နန်ပူက တိုက်ပွဲ တွင် ပြည်သူများ ထွက်မပြေးနိုင်အောင် တားဆီး ပိတ်ပင်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ် စစ်ဆေး ခြိမ်းခြောက် နေသည်မှာ တပ်မတော်သာ ဖြစ်ကြောင်း ပြောဆိုချက်များကို ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် မေလ ၁ရက် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဂျက်ကလည်း တပ်မတော်မှ တဖက်သတ် ထိုးစစ်ဆင်နေသဖြင့် ပြည်သူများ ထွက်ပြေးနေရပြီး ပြေးနေသည့် ပြည်သူများကို မပြေးရန် တားဆီးပြီး တိုက်ပွဲကာလ အတွင်း တပ်မတော် သား များနှင့် အတူနေခိုင်းခဲ့ကြောင်း၊ ညဘက်တွင် တပ်မတော်မှ အရက်မူးပြီး ရွာသားများအား မထီမဲ့မြင်ပြုမူ ဆက်ဆံ မှု များ ရှိကြောင်းနှင့် တနိုင်းမြို့နယ်တွင်း တိုက်ပွဲများတွင် တပ်မတော်က လေယာဉ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ များ သေကြေဒဏ်ရာရခဲ့သည်ဟု ထည့်သွင်း ပြောဆိုခဲ့ကြောင်း၊ ထိုပြောဆိုချက်များမှာ မြေပြင်အခြေအနေနှင့် ကွာဟ ပြီး မဟုတ်မမှန် ပြောဆိုချက်များသာ ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး မျိုးမင်းဦး၏ တိုင်ကြားစာထဲတွင် ရေးသားထားသည်။

ဦးမုန်ဆိုင်းတူးက “ဒုဗိုလ်မှူးကြီးက တပ်မတော် ကိုယ်စား စွဲတာလားဆိုတော့ မဟုတ်ဘူး ပြောတယ်။ နောက် ကိုလွမ်း ဇောင်းနဲ့ ကိုဇော်ဂျက်တို့ ပြောဆိုချက်ကြောင့် သူ့မှာ ဘာမှ အသရေ ပျက်စရာ အကြောင်းမရှိဘူးလို့လည်း သူက ပြော တယ်။ သူ့စွဲဆိုပုံက မတိမကျ မခိုင်မာဘူး။ ဒီအမှုက ဆက်လက် စစ်ဆေးဖို့ မသင့်တော့ဘူး”ဟု ပြောဆိုသည်။

ဒေါ်နန်ပူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူကလည်း ဒေါ်နန်ပူ အနေဖြင့် ကချင် ပြည်နယ်တွင်း လူမှုရေး လုပ်ငန်းများကို အဖွဲ့အစည်းဖွဲ့ကာ တရားဝင် လုပ်ကိုင်နေကြောင်း၊ ဒေါ်နန်ပူ ပြောဆို ချက်များမှာ ဒေသခံများနှင့် ဆက်သွယ်ပြောဆို သိရှိသည်များကို အခြေခံကာ သုံးသပ် ပြောဆိုခြင်း ဖြစ်ကြောင်း၊ တပ်မတော်ကို အကြည်ညို ပျက်စေရန် စော်ကားခြင်း မဟုတ်သည်ကို သက်သေပြသွားမည် ဖြစ်ကြောင်း ပြောသည်။

ဒေါ်ဒွဲဘူက “တပ်မတော်ကို အကြည်ညိုပျက်ဖို့ စော်ကားတာ မဟုတ်ဘူးဆိုတာကို ကျမတို့က သက်သေပြသွားမှာ။ တခြားတော့ ကျမတို့က အမှုတွဲတွေ ချေဖျက်ဖို့တို့ အမှုတွဲကို ပယ်ဖျက်ဖို့တော့ ကျမတို့တော့ ပြောစရာ အကြောင်း မရှိ ပါဘူး” ဟုလည်း ပြောဆိုသည်။

ထို့ပြင် ဒေါ်ဒွဲဘူက တိုင်ကြား လျှောက်ထားချက်၌ ဆန္ဒပြ ကချင်လူငယ် ခေါင်းဆောင် ၃ ဦး ပြောဆိုချက်များမှာ မြေပြင် အခြေအနေနှင့် ကွာခြားနေသည်ဟု ရေးသား တိုင်ကြားထားသော်လည်း တရားခွင်တွင် တရားလို ဒုဗိုလ်မှူး ကြီး မျိုးမင်းဦးကို မေးမြန်းရာ ဧပြီလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသများတွင် သွားရောက် တာဝန် ထမ်းဆောင်ခဲ့ခြင်း မရှိကြောင်း မြေပြင် အခြေအနေများနှင့် ထွက်ပြေးလာရသည့် စစ်ဘေးရှောင် ဒုက္ခသည်များ အကြောင်းကို မသိကြောင်း ထွက်ဆိုသွားသည်မှာ ထူးခြားချက် ဖြစ်သည်ဟု ပြောသည်။

တတိယ အကြိမ် ရုံးချိန်းကို ဇွန်လ ၄ ရက်တွင် ထပ်မံ ချိန်းဆို ထားကြောင်း သိရသည်။

ကချင် လူငယ်ခေါင်းဆောင် ၃ ဦးကို စွဲဆိုထားသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ သည် တရားရင်ဆိုင်နေချိန်တွင် အာမခံ ရနိုင်သည့် ပုဒ်မ ဖြစ်ပြီး အပြစ်ရှိကြောင်း တရားရုံး၏ စစ်ဆေးချက်တွင် ပေါ်ပေါက်ပါက အများဆုံး ထောင်ဒဏ် ၂ နှစ် နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဧပြီလ ဒုတိယပတ်မှ စ၍ ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် အင်ဂျန်းယန် မြို့နယ် တို့ ၌ တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွား၍ ဒေသခံ ၆ ထောင်ကျော် နေရပ် အသီးသီး မှ ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် နီးစပ်ရာ မြို့များသို့ လာရောက် ခိုလှုံကြရသည်။

ဒေါ်နန်ပူ၊ ဦးဇော်ဂျက်နှင့် ဦးလွမ်းဇောင်းတု့ိ ပိတ်မိပြည်သူလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သည့် ဧပြီလ ၃၀ ရက် တွင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၆ ထောင်ကျော်တွင် ၃ ထောင်ကျော်သာ စစ်ဘေးရှောင် စခန်း များ တွင် ခိုလှုံနိုင် သေးသည်။

ထိုအချိန်တွင် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာမှ ထွက်ပြေးသွားသည့် ဒေသခံ ၂ ထောင်ကျော်မှာ တောလမ်း များ အတွင်း ပြေးနေရင်းပိတ်မိနေပြီး ဖားကန့်မြို့နယ် လိုင်နောင်ခူးကျေးရွာမှ လူ ၁၅၀ ကျော်မှာလည်း ထွက်ပြေးရာ လမ်းတွင် တပ်မတော် စစ်ကြောင်းများနှင့် တွေ့၍ ရွာသို့ ပြန်နေထိုင်ရန် ခေါ်ဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်ရာ လမ်းတွင်လည်း ရှေ့မှ လမ်းပြခိုင်းသဖြင့် လိုင်နောင်ခူးကျေးရွာသား တဦး မိုင်းထိပြီး ကျန်ရွာသူ ရွာသားများ ရက် ၂၀ ကျော်ကြာ ရွာအတွင်း ပိတ်မိနေပြီး ပြင်ပနှင့် အဆက်အသွယ် မရှိစေရန်ဟုဆိုကာ လက်ကိုင်ဖုန်း များကိုလည်း သိမ်းဆည်း ထားသည်ဟု မေလ ၆ ရက်တွင် အစိုးရအဖွဲ့ ခရီးစဉ်ဖြင့် လွတ်မြောက်လာသည့် ဒေသခံများ က ဧရာဝတီကို ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading