ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်း ရုပ်ရှင်ခြံ နှင့် ရုပ်ရှင် သင်တန်း ကျောင်း တခု ပေါ်ပေါက်လာရန် ပြန်ကြားရေးဝန်ကြီး ဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ မေလ ၂၅ရက်က ကျင်းပသည့် အစိုးရ၏ ဒုတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် က ပြောသည်။
“ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့ အပိုင်းဖြစ်ပါတယ်။ ဒါက နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်လောကသားများနဲ့ တွေ့ဆုံတဲ့အခါမှာ ရုပ်ရှင်လောကသားများက သူတို့ရဲ့ လိုအပ်ချက်ကို တင်ပြ တာ တွေလည်း ရှိပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာန အနေနှင့် ရုပ်ရှင်ခြံနှင့် ရုပ်ရှင် သင်တန်းကျောင်းများ ပေါ်ပေါက်ရေးအတွက် ရုပ်ရှင်လောက သားများ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ ယင်း သင်တန်းကျောင်း ဖြစ် မြောက်ရန် အတွက် လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီး က ပြော ဆိုသည်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း က “စနစ်တကျ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စတူဒီယိုတွေ လို အပ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ မဟုတ်ရင်တောင် ဒါကိုသာ စီမံကိန်း တခု အနေနဲ့ လုပ်မယ်ဆိုရင် အတိုင်း အတာ တခု အထိ ကျနော်တို့ လောကသားတွေ အတွက် အထောက်အကူပြုမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၈ ခုနှစ် မတ်လ အတွင်းက ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အဖွင့် အမှာစကား ပြောကြားရာတွင် ရုပ်ရှင် လောကသားတွေလည်း ခေတ်နှင့်အညီ အဆင့်မြင့်မြင့် ပြောင်းကြရန် သူ ငယ်ငယ်တုန်းက ကြည့်ခဲ့သည့် ရုပ်ရှင်များ သည် နိုင်ငံတကာ အဆင့်မီသည်ဟု ထင်ကြောင်းနှင့် ရုပ်ရှင်လောက တိုးတက်လာစေရန် အတွက် အစိုးရက ပံ့ပိုး သွား မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ တည်ဆောက်မည့် ရုပ်ရှင်ခြံနှင့် ရုပ်ရှင်သင်တန်း ကျောင်းမှာ မြန်မာနိုင်ငံ၌ ပထမဆုံး အစီအစဉ် ဖြစ်ကာ လက်ရှိ တနိုင်တပိုင် တည်ဆောက်မှုများသာ ရှိကြောင်း၊ ယခု တည်ဆောက်မည့် ရုပ်ရှင်ခြံ ကဲ့သို့ ရန်ကုန် တွင်လည်း တည်ဆောက်နိုင်ပါက ရုပ်ရှင် လောကသားများ အတွက် ပို၍ အဆင်ပြေနိုင်ကြောင်း ဦးဇင်ဝိုင်း က ပြောသည်။
အဆိုပါ ရုပ်ရှင်သင်တန်းကျောင်း ပေါ်ပေါက်လာစေရန် အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန နှင့် နေပြည်တော် ကောင်စီတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဟု သိရသည်။
“နေပြည်တော်မှာ ရုပ်ရှင် စတူဒီယို အင်ဒိုး၊ အောက်ဒိုး စတူဒီယိုနဲ့ ရုပ်ရှင်နယ်ပေါ့။ သို့မဟုတ် ရုပ်ရှင်ရွာ၊ သို့မဟုတ် ရုပ်ရှင် နေရာတခုဖြစ်မြောက်ဖို့ အတွက် ရုပ်ရှင်သမားများနဲ့ ညှိနှိုင်းပြီး ရုပ်ရှင်ဆိုင်ရာ ဒီလိုနေရာ ဌာနမျိုး တခု ဖြစ် အောင် ထူထောင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ဆိုသည်။
အဆိုပါ သင်တန်းကျောင်း တည်ဆောက်မည့် နေရာမှာ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဥတ္တရသီရိမြို့နယ် ဇဝန သိဒ္ဒိရပ်ကွက် ၌ ယာယီ သတ်မှတ်ထားသည် ဟု သိရသည်။