သတင်း

သမ္မတ ညွှန်ကြားပါက စစ်ပွဲများ ရပ်ပေးရန် အသင့်ရှိဟု တပ်မတော် ပြော

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်တွင်း စစ်ပွဲများကို ရပ်တန့်ပေးရန် သမ္မတ ဦးဝင်းမြင့်က ဥပဒေနှင့်အညီ ညွှန်ကြား လာပါ က တပ်မတော် အနေနှင့် လိုက်နာရန် အသင့်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာန၏ ရှင်းလင်းရန် အလှည့်ကျချိန်တွင် ကာကွယ် ရေး ဝန်ကြီးဌာနက ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ အစိုးရလက်ထက်တွင် ကချင်ပြည်နယ်ရှိ တပ်မတော်၏ ထိုးစစ်များကို ရပ်တန့်ပေးရန် အမိန့်ပေးခဲ့ရာ တပ်မတော်က လိုက်နာခဲ့ပြီး လက်ရှိအစိုးရ၏ သမ္မတဖြစ်သူက တပ်မတော်ကို ထိုကဲ့သို့ အမိန့်ပေးလာ ပါ က လိုက်နာနိုင်ခြင်း ရှိ၊ မရှိ ကို ဧရာဝတီ သတင်းဌာနက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က“ကျနော်တို့ တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ ဦးဆောင်မှု အောက်မှာပဲ ရှိပါ တယ်။ နိုင်ငံတော် သမ္မတက ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အကြီးအကဲဖြစ်လို့ သူကနေပြီးတော့ တရား ဥပဒေနဲ့ ညီညွှတ်တဲ့ အမိန့် ပေးလာခဲ့မယ်ဆိုရင် ကျနော်တို့ လိုက်နာ ဆောင်ရွက်ဖို့ အသင့်ပါပဲ။ ဘာမှ မလိုက်နာနိုင် စရာ အကြောင်း မရှိပါဘူး”ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနှင့်လည်း ၎င်းတို့သည် လက်ရှိ ပေးထားသည့် နေရာများတွင် နေပါက မည်သည့် ပြဿနာမှ ပေါ်ပေါက်လာစရာ အကြောင်းမရှိဘဲ တပ်မတော်၏ အုပ်ချုပ်မှု တပ်များ၊ တပ်ရင်း ဌာနချုပ်များ ကို ဝင်ရောက် တိုက်ခိုက်လာသဖြင့် ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုသည်။

“ပြည်ထောင်စု လမ်းမကြီးပေါ် တက်ပြီးတော့ကို ဆက်ကြေး ကောက်တယ်။ လူသတ်တယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်တယ်။ ပြီးတဲ့ အခါမှာ မိုင်းထောင် ဖောက်ခွဲမှုတွေ၊ ဖျက်ဆီးမှုတွေ လုပ်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့တွေရဲ့ အုပ်ချုပ်မှု ယန္တရားတွေပေါ့နော်။ အစိုးရရဲ့ ယန္တရားတွေ အများကြီး ဒုက္ခရောက်သွားနိုင်တဲ့ အတွက်ကြောင့် ပြန်လည် ပြီးတော့ တုံ့ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောဆိုသည်။

တပ်မတော်၏ သဘောထားကို သမ္မတရုံးသို့ အတည်ပြုနိုင်ရန် ပြောခွင့်ရ ပုဂ္ဂိုလ်ထံ ဧရာဝတီက ဆက်သွယ်ခဲ့သော် လည်း မအားသေးကြောင်း နောက်ပိုင်းမှ ပြန်လည် ခေါ်ဆိုရန် Message ဖြင့် အကြောင်းပြန်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး ကမူ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရန် ၂ ဖက်စလုံးမှ တိုက်ပွဲများ ရပ်တန့်ရမည် ဖြစ်ပြီး စစ်ရေး နည်းလမ်းဖြင့် ဖြေရှင်း ခြင်းသည် ကောင်းမွန်သော လက္ခဏာ မဟုတ်ကြောင်း၊ တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက် များ ကို အဓိက တာဝန်ခံရသည်မှာ အစိုးရဖြစ်၍ လက်ရှိ တိုက်ပွဲများကြောင့် ဆက်လက် ညှိနှိုင်းမှုများတွင်လည်း အခက်အခဲ ရှိနိုင်ကြောင်း ပြောသည်။

“ဘယ်ကိစ္စမဆို စစ်ရေး နည်းလမ်းနဲ့ မဖြေရှင်းစေချင်ဘူး။ အစိုးရအနေနဲ့လည်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ ကြားဝင်ဆောင် ရွက်ပေးသင့်တယ်။ မဟုတ်ရင် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်မယ်။ အဲဒီ အကျိုးဆက်ကလည်း နောက် ဆုံး အစိုးရ အပေါ်မှာပဲ တာဝန်ကျမှာပဲ။ ပြောရရင် စစ်ရှောင် ဒုက္ခသည် ပြဿနာတွေပေါ့”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးလင်းလင်းဦးက ပြောဆိုသည်။

တပ်မတော်အနေနှင့် တိုင်းရင်းသား ဒေသများသို့ ထိုးစစ်များ ရပ်တန့်ပေးရန် ရန်ကုန်မြို့တွင် လူမှုအဖွဲ့အစည်းများ၏ ဆန္ဒ ထုတ်ဖော်မှု များသည်လည်း အင်အားသုံး ဖြိုခွင်းခံခဲ့ရပြီး တိုက်ပွဲများ ရပ်တန့်ရေး ဆန္ဒပြသူ များသည်လည်း ဥပဒေ ပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံရမှုများလည်း ရှိနေသည်။

လက်ရှိတွင် တိုင်းပြည်ကို ဒီမိုကရေစီ အစိုးရတရပ်က ဦးဆောင်နေပြီး အစိုးရ၊ လွှတ်တော်များ ပေါ်နေပြီ ဖြစ်သလို တချို့အဖွဲ့များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပင် ရထားပြီး ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မိမိလိုချင်သည့် အရာကို ဒီမိုကရေ စီစနစ်တွင် တောင်းဆို လုပ်ကိုင်ပိုင်ခွင့်ရှိကြောင်း တပ်မတော်က ပြောသည်။

“ဒီလက်နက်ကိုင်ပြီးတော့ ရရှိနေတဲ့ မိမိရဲ့ အခွင့်အရေးတွေကို မစွန့်လွှတ်ချင်ဘူး။ လက်နက်ကိုင်ပြီးတော့ ဒီဟာကို ထိန်းသိမ်းပြီး ဆောင်ရွက်နေမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းပြီးတော့ သွားနိုင်မယ့်အကြောင်း မရှိပါဘူး။ ဒါကြောင့် ဒီ NCA (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) လမ်းကြောင်းအတိုင်း သွားမှသာလျှင် ငြိမ်းချမ်း ရေး ရရှိမယ် ဆိုတဲ့ အကြောင်း ပြန်လည် ဖြေကြားလိုပါတယ်”ဟု ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ပြောဆိုသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading