သတင်း

မန္တလေးတိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက် ကျပ်သိန်းပေါင်း ၁ သိန်းကျော် ဖြတ်တောက်

Want create site? Find Free WordPress Themes and plugins.

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်း ဘတ်ဂျက် ခန့်မှန်းခြေ ငွေစာရင်း အတည်ပြုရန် အတွက် ဆွေးနွေးကြရာ၌ လွှတ်တော်နှင့် တိုင်းအစိုးရ အဖွဲ့ကြား အချေအတင် ဖြစ်ခဲ့ကြပြီးနောက် မူလတင်ထားသည့် ဘတ်ဂျက်မှ ကျပ် သိန်းပေါင်း ၁ သိန်းကျော် ဖြတ်တောက် အတည်ပြုလိုက်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း လျာထားချက်အား အတည်ပြုရန် ဒုတိယ အကြိမ် မန္တလေးတိုင်း လွှတ်တော် အစည်းအဝေးတွင် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့မှ ၂၉ ရက် အထိ တပတ် ကြာ ဆွေးနွေး ခဲ့ပြီး အတည်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်း ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း မူလ လျာထားချက်မှာ ကျပ် သန်းပေါင်း ၃ သိန်းကျော်ဖြစ်ပြီး ယင်းလျာထားချက်မှ ကျပ် သိန်းပေါင်း ၁ သိန်းကျော်ကို ဖြတ်တောက်ခြင်း ဖြစ်သည် ဟုလည်း သိရသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “ဘတ်ဂျက် Cabinet အစည်းအဝေးမှာဆိုရင် ကျနော်နဲ့ ဝန်ကြီး တွေ စကားများရပြီး စီမံ/ဘဏ္ဍာ ဝန်ကြီးနဲ့ တခြား ဝန်ကြီးတွေလည်း စကား အချေအတင် ပြောရပါတယ်။ ဘတ်ဂျက် ရငွေပေါ် မူတည်ပြီး ရေးဆွဲရတာဖြစ်လို့ ဒါတွေကို အလေအလွင့်မရှိအောင် သုံးဖို့ဆိုတာ ကျနော်တို့ အတွက် အင်မ တန် စိန်ခေါ်မှုကြီးပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။

ဖြတ်တောက်လိုက်သည့် ဘတ်ဂျက်မှာ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်း တွင် အသုံးပြုမည့် ကျပ် သိန်း ၃ သောင်းကျော် နှင့် စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အားကစားခန်းမ တည်ဆောက် ရေး တို့အတွက် လျာထားသော ကျပ် သိန်း ၇ သောင်း ဝန်းကျင် စုစုပေါင်း ကျပ် သိန်းပေါင်း ၁ သိန်းကျော် တို့ကို လွှတ်တော် အဆုံးအဖြတ်အရ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဖြတ်တောက် ဘတ်ဂျက်များကို ယင်းသို့ တင်ပြထားသည့် ကဏ္ဍများတွင် အသုံးမပြုတော့ဘဲ အခြား လုပ်ငန်း ခေါင်းစဉ်များနှင့် သုံးစွဲရန် ပြည်လည် ခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။

မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တိုင်းလွှတ်တော်သို့ တင်သွင်းထားသော ယင်းငွေစာရင်းနှင့် ပတ်သက်၍ ဒေသန္တရ စီမံကိန်း၊ အရအသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီက လေ့လာ သုံးသပ် ထား သော အစီရင်ခံစာအား ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်က အချက် ၅ ချက်ဖြင့် လွှတ်တော်သို့ တင်သွင်း ဖတ်ကြား ခဲ့သည်။

ယင်း အစီရင်ခံစာ၌ စီမံကိန်းလုပ်ငန်းများ ရေးဆွဲခြင်းများတွင် ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်း မှု အားနည်းခြင်း၊ ဘတ်ဂျက်တွင် ပါရှိသော ငွေစာရင်း ခေါင်းစဉ်တချို့အောက်ရှိ တချို့ စာရင်းများတွင် ဝယ်ယူ လို သည့် ပစ္စည်း အမျိုးအစားကို ကာလ ပေါက်ဈေးနှင့် မကွာသော ဈေးနှုန်းဖြင့် အတိအကျ တင်သွင်း တောင်းခံသင့် ခြင်း၊ ငွေကြေး တောင်းခံရာတွင် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့်အညီ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်ဖြင့် သေချာခွဲခြား တောင်းခံသင့်သည်ဟု ပါရှိသည်။

ဦးအောင်ကြည်က “ဥပမာ အဲကွန်းဝယ်တဲ့ ကိစ္စတွေမှာ ဌာနတခုနဲ့ တခုက တောင်းခံထားတဲ့ ဈေးနှုန်းတွေ မတူညီဘဲ ၅ သိန်း၊ ၆ သိန်း၊ ၉ သိန်း စသဖြင့် တောင်းခံထားတာ တွေ့ရတယ်။ ကာလပေါက်ဈေး မကွာတဲ့ ဈေးနှုန်းနဲ့ပဲ ချိန်ပြီး တောင်းခံသင့်ပါတယ်”ဟု ပြောသည်။

ထို့ပြင် လိုအပ်ချက်အရ ဌာနဆိုင်ရာများနှင့် ဒေသလွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပါက တိကျ ပြတ်သားသော ဖြေကြားမှုမျိုး ဖြေကြားပေးစေလိုခြင်းနှင့် စည်ပင်အခွန် ကောက်ခံရရှိမှု အားနည်းသော တချို့ မြို့နယ် ငယ် များအတွက် ဘတ်ဂျက် ခွဲဝေမှုကို ထည့်သွင်း စဉ်းစားပေးစေလိုခြင်း ဆိုသည့်အချက် ၅ ချက်ကိုလည်း ပြောကြား ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက “တနှစ်လုံးစာ အတွက် ခန့်မှန်း ရေးဆွဲထားတဲ့ ဘတ်ဂျက် ဖြစ်တယ်။ လွှတ်တော်က ဒါကို ကန့်ကွက်ရန် မရှိလို့ အတည်ပြုမှ ပြည်ထောင်စုကို ဆက်တင်မှာ။ ပြည်ထောင်စုက လိုတိုး ပိုလျှော့ စိစစ်ပြီး ခွင့်ပြုလာတော့မှ ငွေကြေးသုံးစွဲခွင့်က အတည်ဖြစ်မှာ။ ဒါကြောင့် တချို့အပိုင်းမှာ ကိုယ်စား လှယ်တွေရဲ့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းကို သဘောပေါက်မှု အားနည်းတဲ့အခါ ပွတ်တိုက်မှုလေးတွေ ဖြစ်တဲ့ သဘောပါ”ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း လွှတ်တော်တွင် ယခုဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက် ဆွေးနွေးသည့်အခါ လွှတ်တော်နှင့် အစိုးရ အဖွဲ့ ကြား အချေအတင် ဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်များက ထိုသို့ ဆွေးနွေးမှုမျိုး မရှိ ခဲ့ ပေ။

ထိုသို့ လွှတ်တော်နှင့် အစိုးရကြား အပြိုင်အဆိုင် ဆွေးနွေးလာသည့် အပေါ် “လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြောရဲဆိုရဲ သတ္တိရှိလာတယ်။ ပြီးတော့ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ဘတ်ဂျက်ကို စိစစ်ဖြတ်တောက်ဖို့က ကိုယ် စားလှယ်တွေရဲ့ အခွင့်အရေးဆိုပြီး ခွင့်ပေးတဲ့ သဘောရှိတယ်။ အဲဒါကြောင့် အခုလိုဆွေးနွေးမှု အားကောင်းလာတယ် လို့မြင်တယ်”ဟု မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ဧရာဝတီကို ပြောသည်။

ယင်းသို့ ဘတ်ဂျက် တောင်းခံရာ၌ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့က အသုံးစရိတ် အများဆုံး တင်ပြ တောင်း ခံထားသည့် ဌာနများဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း လျာထားချက်နှင့် ပတ်သက်၍ မေလ ၂၅ ရက်မှ စတင်ကာ တိုင်း လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည် ရှင်းလင်းခြင်း၊ လွှတ် တော်၏ အဆုံးအဖြတ် ခံယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading