ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုမှ အမျိုးသမီးနှစ်ဦးကိုခြိမ်းခြောက်ကာ ငွေညှစ်ခဲ့သည့် ကရင်ပြည်နယ် မူးယစ်တပ်ဖွဲ့မှ ဒုရဲအုပ် မင်းကိုကိုပါ တပ်ဖွဲ့ဝင်သုံးဦးကို မြန်မာနိုင်ငံ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စစ်ဆေးအရေးယူထားကြောင်း သိရသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ မူးယစ်အထူးတပ်ဖွဲ့မှ ဒုရဲအုပ်မင်းကိုကိုပါ တပ်ဖွဲ့ဝင်သုံးဦးကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ပြီးတော့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို တင်ပြထားတာ ရှိပါတယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြန်ပြီးတော့မှ ညွှန်ကြားချက် မရရှိသေးပါဘူး”ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ ပထမတန်း ရဲမှူးကံဝင်းမှ ကရင်ပြည်နယ်အစိုးရရုံးတွင် မေ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် NLD အစိုးရသက်တမ်း နှစ်နှစ်ပြည့် သတင်းစာရှင်းပွဲ အခမ်းအနားတွင် သတင်းဌာနများ၏ မေးမြန်းချက်အပေါ် ဖြေကြားခဲ့သည်။
သို့သော်လည်း ရဲမှူးအနေဖြင့် အရေးယူထားသည့် ဖြစ်စဉ်အသေးစိတ်နှင့် မည်သို့အရေးယူထားသည့်ပုံစံကို တိတိကျကျ ပြောဆိုခဲ့ခြင်းတော့ မရှိခဲ့ပါ။
ဖြစ်စဉ်မှာ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုမှ ဒေါ်နှင်းအောင်နှင့် ဒေါ်အေးသန်း (ခ) နော်မူခလိန်တို့ကို ဖေဖော်ဝါရီ ၁၄ ရက်က ရဲတပ်ဖွဲ့ဝင်ခုနှစ်ဦးက ဇာသပြင်နေအိမ်တခုသို့ ခေါ်ဆောင်သွားခဲ့ပြီး ငွေသိန်း ၅၀ မပေးပါက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ငွေတောင်းခဲ့ကြောင်း ကော့စိန်ဘန်အောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောထွန်းယံက ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။
အဆိုပါနေ့က ရဲတပ်ဖွဲ့ဝင် ၇ ဦးသည် ရဲယူနီဖောင်းများ ဝတ်ဆင်ထားခြင်း မရှိခဲ့ကြောင်း၊ကော့စိန်ဘန်အောက်ကျေးရွာအုပ်စု၊ ကော့ပေါက်ကျေးရွာရှိ လယ်ကွင်းထဲတွင် ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သတင်းအရဟုဆိုကာ လက်ထိပ်ခတ် ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးများ မတွေ့ရှိခဲ့သော်လည်း ဇာသပြင်ကျေးရွာဘက်မှ နေအိမ်တစ်လုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့ဖြစ်ရာ ဆွေမျိုးဖြစ်သူ ဦးအခုံနှင့် စောထိချောင်က ၎င်းတို့တောင်းသည့်ငွေထဲမှ ငွေသိန်း ၂၀ ကျပ်ကို ကျားကလေးရွာလမ်းဆုံဖြစ်သည့် ဘားအံ-မော်လမြိုင်ကားလမ်းဘေးတွင် ညတွင်းချင်း သွားပေးခဲ့၍ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရကာ ခြိမ်းခြောက်ခံခဲ့ရသည့် ဒေါ်နှင်းအောင်က ရှင်းပြသည်။
ငွေတောင်းသူများက ငွေရရှိရေးအတွက် အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပြီး ငွေရှာခိုင်းခဲ့ပြီးနောက် ငွေသိန်း ၂၀ အား လာပေးရန် ချိန်းဆိုမှုများကို မြင်တွေ့ခဲ့ရကြောင်း၊ ထိုကိစ္စကို ဘားအံတရားမျှတမှုစင်တာမှ သိရှိသွားချိန်တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့၌ ဒုရဲအုပ်တစ်ဦးက ယင်းအမျိုးသမီးများကို ဖမ်းဆီးငွေတောင်းခဲ့သည်မှာ ရဲတပ်ဖွဲ့ဝင်ဟုတ်မှန်ပြီး ၎င်း၏တပည့်များဖြစ်၍ ခွင့်လွှတ်ပေးရန် ဖုန်းဆက်ပြောဆိုခဲ့ကြောင်း ဘားအံ တရားမျှတမှုစင်တာမှ အထက်တန်းရှေ့နေ မင်းလင်းကိုကိုကလည်း ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားခဲ့သည်။
ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း ကျောက်ဆည်မြို့ နယ်တွင် သစ်မှောင်ခိုကိစ္စနှင့်ပတ်သက်သည့် အတွက် ကျောက်ဆည်ရဲ စခန်းမှူးဟောင်း ဒုရဲမှူးမြင့်ဦး၊ စခန်းမှူးသစ် ဒုရဲမှူးဝင်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်၊ ဒုတပ်ကြပ် ချစ်စန်းကိုနဲ့ ဒုရဲအုပ် ကိုကိုလင်းတို့ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ မေလ ၂၃ ရက်နေ့က အရေးယူစွဲချက်တင်ထားသည်။
ဆက်စပ်ဖတ်ရှုရန် – ရဲတပ်ဖွဲ့ဟု ဆိုကာ ပြန်ပေးဆန်ဆန် ငွေညှစ်