သတင်း

NLD အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ်ပုံ ငွေစက္ကူများ ထုတ်ဝေမည်ဟု ဗဟိုဘဏ်ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းအတွင်း ဗိုလ်ချုပ် အောင်ဆန်းပုံ ထည့်သွင်း ရိုက်နှိပ်ထား သည့် ငွေစက္ကူများ ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။
နေပြည်တော်တွင် မေလ ၂၉ ရက်က ပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည် လုပ်ဆောင်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခြင်း ဖြစ်သည်။

“အားလုံး ပြင်ထား ဆင်ထားပြီးသား။ အဲဒါကြောင့်မို့လို့ ဒီအစိုးရ လက်ထက်မှာ ထုတ်ကို ထုတ်မှာပါ။ တဖြည်းဖြည်းနဲ့ တပြိုင်နက်တည်း အကုန်ထုတ်လို့ မရဘူး။ တဖြည်းဖြည်း ထုတ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်၌ အနာဂတ်တွင် ရိုက်နှိပ် ထုတ်ဝေမည့် ငွေစက္ကူ များတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းရေး အဆိုကို မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း က တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ တပ်မတော်သား ကိုယ်စားလှယ် ၁၀၈ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် တဦးတို့က ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၂၈၆ မဲဖြင့် အတည်ပြုခဲ့ သည်။

ဦးအောင်ခင်ဝင်းက လွှတ်တော်တွင် အောင်မြင်ထားသည့် အဆိုတခု ဖြစ်၍ အစိုးရအနေဖြင့် နောင်ထပ်မံထုတ်ဝေမည့် ငွေစက္ကူ အသစ်တိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ထည့်သွင်း ရိုက်နှိပ်ရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ် ရှည်ရှည်ဖြင့် စောင့်ဆိုင်းလျက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ရိုက်တာကလည်း မရိုက်ဘဲနေလို့ မဖြစ်ဘူး။ ဆွေးတာတွေ၊ ပျက်စီးတာတွေ ရှိလာရင် အသစ်က ထပ်ရိုက်ရမှာ။ အရင်တုန်းကတော့ ၈ နှစ်ကို ၅ ကြိမ် ရိုက်ထားတယ်။ အခုလည်း ဗိုလ်ချုပ်ပုံရိုက်ဖို့ လူကြီးတွေ စပြီး စီစဉ်နေပြီလို့ သူ (ဦးစိုးသိန်း)က ပြီးခဲ့တဲ့ ၂ လလောက်က ကျနော့်ကို ပြောတယ်။ မကြာတော့ဘူးလို့ ထင်တယ်။ ရိုက်တိုင်းလည်း တခြား ပုံနဲ့ ရိုက်လို့ မရတော့တာ သေချာတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဗဟိုဘဏ်ကမူ ငွေစက္ကူ တန်ဖိုးမှာလည်း အမျိုးမျိုးရှိနေသဖြင့် သင့်လျော်သလို ဆက်လက် ထုတ်လုပ်သွားမည် ဖြစ် ကြောင်း၊ ငွေစက္ကူ တခု ထုတ်လုပ်နိုင်ရေး ဒီဇိုင်းဆွဲရာတွင်ပင် အချိန် ၈ လမှ ၁ နှစ်အထိ ကြာကြောင်း၊ ထို့ကြောင့် မည်သည့် အချိန် စတင်ထုတ်နိုင်မည် ဆိုသည်မှာ ပြောရန်ခက်နေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဝါဇီစက်ရုံနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဦးစိုးသိန်း က ပြောသည်။

“ငွေစက္ကူတခု ထုတ်တဲ့ဥစ္စာက တကယ်အသေးစိတ်ပြီး Technical အရမ်း ဆန်ပါတယ်။ ထုတ်ဖို့ စဉ်းစားရာကနေ ထုတ် တဲ့ အဆင့်ထိ ရောက်အောင်ဆိုရင် ၉ လကနေ ၁ နှစ်အထိ အချိန်ယူရပါတယ်။ ဘယ်ဟာက စထုတ်မလဲ ဆိုတာ လည်း ထိုနည်းလည်းကောင်းပါပဲ။ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ။ များများကြီး ပျံ့သွား စေချင် တာလား ဒီလို စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် လွှတ်တော်တွင်လည်း လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူ တခုကို အပြည့်အဝ လဲလှယ်ပေးနိုင်ရန် ရိုက်နှိပ် သိုလှောင်ရမည် ဆိုပါက ကျပ် ဘီလီယံ ၁၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး အားလုံး အသုံးများသည့် ငွေစက္ကူများအတွက် ရိုက်နှိပ်သုံးစွဲမည် ဆိုပါက ကျပ် ဘီလီယံ ၃၀၀ ခန့် ကုန်ကျနိုင်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ တဦးက ပြောဆိုဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading