သတင်း

တနိုင်းတွင် ပိတ်မိနေသော စစ်ဘေးရှောင် အားလုံး လွတ်မြောက်လာဟု ဆို

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများကြောင့် ထွက်ပြေးရင်း တောတောင်အတွင်း ပိတ်မိနေသည့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ် ကျေးရွာ ဒေသခံ ၁၁၀၀ ကျော် အားလုံး လွတ်မြောက် လာ ကြောင်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) က ပြောသည်။

KBC ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဦးခါးလီက“ပိတ်မိနေသူတွေ အကုန်လုံး လွတ်လာပါပြီ။ အခု စစ်ရှောင် စခန်းတွေမှာ ခိုလှုံနေတာ ၁၁၀၀ ကျော် ရှိပါတယ်။ မကျန်တော့ပါဘူး”ဟု ပြောပြသည်။

တနိုင်းမြို့နယ် တောတောင်များအတွင်း ပိတ်မိနေရာမှ ထွက်ပြေး လွတ်မြောက် လာသူများ၌ စစ်ဘေးရှောင် စခန်းများ တွင် ခိုလှုံနေသူ ၁၁၃၅ ဦး ရှိသည်ဟု သိရသည်။

ထိုလွတ်လာသူ ၁၁၃၅ ဦးသည် မြစ်ကြီးနားမြို့ Jaw Masat KBC ဘုရားကျောင်းတွင် အိမ်ထောင်စု ၁၃၆ စုမှ လူဦးရေ ၅၅၆ ဦး၊ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ဘုရား ကျောင်းတွင် အိမ်ထောင်စု ၄၁ စုမှ လူဦးရေ ၁၇၁ ဦး၊ တနိုင်းမြို့ ကက်သလစ် ဘုရားကျောင်းတွင် အိမ်ထောင်စု ၈၈ စုမှ လူဦးရေ ၄၀၈ ဦးတို့ ခိုလှုံနေသည်ဟု အကူအညီပေးနေသော ကရုဏာမြန်မာ (KMSS) အဖွဲ့ မှ Program Coordinator ဒေါ်ဆိုင်းနူးက ပြောသည်။

အောင်လော့ဒ် ဒေသခံများသည် ဧပြီလ ၁၂ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် တောတောင်များ အတွင်းသို့ တိမ်းရှောင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေး လာကြသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ၅နှစ်အောက် ကလေးငယ်များနှင့် သက်ကြီး ရွယ်အို များ ပါဝင်ပြီး ၎င်းတို့သည် မိသားစုအလိုက် ဆွေမျိုးအလိုက် အုပ်စုခွဲ၍ တောတောင်အတွင်း ပြေးခဲ့ကြကာ အနည်းဆုံး ရက် ၂၀ ကျော် ပိတ်မိပြီးမှ ရွာလမ်းမများကို တွေ့ရှိပြီး လွတ်မြောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၉ ရက်တွင် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ စစ်ဘေးရှောင် စခန်းများသို့ တနိုင်းတောလမ်း အတိုင်း ထွက်ပြေး လာသူ ၂၉ ဦး စတင် ရောက်လာခဲ့သည်။

မေလ ၈ ရက် ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာသို့ ၃၀၀ ကျော် ၊ မေလ ၉ ရက်တွင် တနိုင်းမြို့ အရှေ့ချောင်း သို့ ၂၆၀ ကျော် တဖွဲ့ ထို့နောက် အဖွဲ့အသီးသီး ရောက်လာကြခြင်း ဖြစ်သည်။
နောက်ဆုံး ရောက်လာသည့် အဖွဲ့မှာ မေလ ၂၆ ရက်က ၄၂ ဦးအဖွဲ့ ဖြစ်သည်။

ကနဦးက တောတောင်အတွင်း ပိတ်မိနေသူ အောင်လော့ဒ် ကျေးရွာသား ၂ ထောင် ဝန်းကျင်ရှိကြောင်း ပြောဆိုကြ သော်လည်း ယခုအခါ စစ်ဘေးရှောင်စခန်းများသို့ ခိုလှုံလာသူ ၁၁၃၅ ဦး ရှိပြီး ကျန်သူများမှာ ဆွေမျိုး မိဘ အိမ်များနှင့် အခြား စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြ၍ စာရင်း အတိအကျ မကောက်ယူနိုင်ခြင်း ဖြစ်သည်ဟု ကူညီ ကယ်ဆယ် ရေး လုပ်နေသူများက ဧရာဝတီ ကို ပြောဆိုကြသည်။

ဒေါ်ဆိုင်းနူးက “လွတ်လာတဲ့ IDPs တွေ ပြောတာတော့ ကျန်သေးတယ်လည်း ပြောနေတယ်။ ဘယ်သူက ဘယ်နေ ရာ မှာ ရှိတယ်ဆိုတာ အတိအကျ ကျမတို့ ပြောဖို့ ခက်တယ်။ လောလောဆယ်တော့ စခန်းတွေမှာ ခိုလှုံနေတဲ့ သူတွေ စာရင်းပဲ ကျမတို့ ရှိတယ်။ ကျမတို့ကတော့ သတင်းရရင် သူတို့ကို သွားကြိုပေးပါတယ်” ဟု ပြောသည်။

တနိုင်းမြို့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ကူညီစောင့်ရှောက်ရေး ကော်မတီ ဒုဥက္ကဌ ဦးနော်တောင်ကလည်း တောတောင် များ အတွင်းမှ ထွက်ပြေးလာသူများမှာ အဖွဲ့အလိုက် အသီးသီး ခွဲထွက်လာပြီး နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများအိမ်တွင် ခိုလှုံ သည်များ ရှိသလို အဖွဲ့လိုက် ရောက်လာပြီး စခန်းများတွင် ခိုလှုံသူများ ဖြစ်ကြောင်း၊ တချို့ လွတ်လာသူများ၏ ပြောဆိုချက် များအရ ပိတ်မိနေသူများ ကျန်သေးသည်ဟု သိရသော်လည်း အတည်ပြု၍မရသေးကြောင်း ပြောသည်။

ဦးနော်တောင်က “အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာလည်း မကြားရဘူး။ ဒါပေမယ့် အခြေအနေ မကောင်းဘူး လို့ပဲ ကြားတော့ ဘယ်သူမှ ပြန်ဖို့ မစဉ်းစားသေးပါဘူး။ ဒီတိုင်းပဲ အားလုံး ဘုရားကျောင်းက ယာယီ အဆောက်အအုံ တွေမှာပဲ ခိုလှုံနေကြပါတယ်”ဟု ပြောပြသည်။

အောင်လော့ဒ် ကျေးရွာအနီး တပ်မတော်နှင့် KIA တို့မှာ ဧပြီလ ၁၂ ရက်မှ စ၍ ဧပြီလကုန်ပိုင်းထိ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားထားသည်။

ထွက်ပြေးလာသူများကို နေရပ်ပြန်နေကြရန်နှင့် နေရပ်ပြန်ပါက တပ်မတော်က ကူညီပြီး စားနပ်ရိက္ခာများလည်း ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ရွာများ အိမ်များကိုလည်း မပျက်စီးအောင် စောင့်ရှောက် ပေးထားကြောင်း ဧပြီလကုန် ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်ကမ်းစာစောင်များ ဝေငှ ပြောဆိုသော်လည်း ထွက်ပြေးလာသူများမှာ တိုက်ပွဲထပ်မံ ဖြစ်ပွားပါက တောတောင်အတွင်း ထပ်မံ ပိတ်မိမည်ကို စိုးရိမ်သဖြင့် မပြန်ရဲကြကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း KIA က တရားမဝင် ပယင်း၊ ကျောက်၊ ရွှေတွင်းများ တူးဖော်နေပြီး နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံး နေသဖြင့် ထိုလုပ်ကွက် ဒေသများကို သိမ်းယူမည်ဟုဆိုကာ တပ်မတော်က တနိုင်းမြို့နယ်တွင်း ၂၀၁၇ ခုနှစ် ဇွန်လမှ စ၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဧပြီလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့ နယ်နှင့် ဖားကန့်မြို့နယ် တို့အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၆ ထောင်ခန့် အသစ် ထပ်တိုးလာသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး စစ်ဘေး ရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသူ ၁ သိန်းကျော် ရှိသည်။
ကချင်ပြည်နယ် အတွင်း အခြားမြို့နယ်များ၌ စစ်ဘေးရှောင်စခန်းများ တရားဝင်ဖွင့်လှစ်ခွင့် ရသော်လည်း တနိုင်း မြို့နယ်ကိုမူ အာဏာပိုင်များက မြို့ဂုဏ်သိက္ခာကျဆင်းသည်ဟုဆိုကာ စခန်းများ မဖွင့်ခိုင်းသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ဘုရားကျောင်းများတွင် ယာယီ အဆောက်အအုံများ ဆောက်လုပ်ကာ နေထိုင် နေကြရကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading