သတင်း

ပိုးလောင်း စခန်းမှ ရဲများအား နှိပ်စက်ခံများက တရားစွဲ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်အုပ်စု၊ ဒေါင့်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖောက်ထွင်းမှုနှင့် ပတ်သတ်၍ သံသယရှိသူ ၂ အား ညှဉ်းပန်းနှိပ်စက်ခဲ့သည့် လပွတ္တာမြို့နယ်၊ ပိုးလောင်း နယ်မြေ ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးအား နှိပ်စက်ခံခဲ့ရသူများက လပွတ္တာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍ ပြန်လည် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ဒေါင်ချောင်းကျေးရွာနေ ဦးချစ်ခင်၊ ဒေါ်ယဉ်ယဉ်သန့်တို့နေအိမ်တွင် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျပ်သိန်း ၄၀၀ ကျော် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ရာ အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဒေါင့်ချောင်းကျေးရွာမှ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့အား ပိုးလောင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့သည့်ကိစ္စအား မိသားစုဝင်များက တိုင်တန်းသည့်အတွက် ပိုးလောင်းစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လအတွင်း ဖမ်းဆီးအချုပ်ချ၍ ခုံရုံးဖွဲ့ စစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့၏ ခုံရုံးဖြင့် စစ်ဆေးချက်အား နေပြည်တော်ရှိ မြန်မာနိုင်ငံရဲချုပ်ထံ အစီရင်ခံတင်ပြထားဆဲ ကာလအတွင်း နှိပ်စက်ခံခဲ့ရသည့် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့က ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ပိုးလောင်းစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို လပွတ္တာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍ ပြန်လည်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါအမှုအား ဥပဒေအကြံတောင်း ထားကြောင်း သိရသည်။

“ကျနော်တို့ကို ခိုးမှုသံသယ ရှိတယ်ဆိုပြီး မတရား ဖမ်းဆီးချုပ်နှောင်၊ လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်လို့ အခုလို ပြန်လည်တရားစွဲခဲ့တာပါ။ တရားစွဲတာကတော့ စခန်းမှူး ရဲအုပ်ကျော်ကျော်နိုင်အပါအဝင် ရဲ ၇ ဦးကို စွဲခဲ့တာ။ ရဲဘက်က အခင်းဖြစ်နေရာတွေ ဓာတ်ပုံရိုက်တာ၊ ကျနော်တို့ကို စစ်ချက်ယူတာတွေ အကုန်လုပ်ပြီး သွားပြီ။ အခု အဲဒီအမှုကို ဥပဒေအကြံတောင်းတင်ထားတယ်လို့ သိရတယ်”ဟု နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူ ကိုခင်မောင်လတ်က ဧရာဝတီကို ပြောသည်။

သံသယတရားခံအား ညှဉ်ပန်းနှိပ်စက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံနေရသူများမှာ ပိုးလောင်းစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ တပ်ကြပ် အောင်လင်းထွန်း၊ ဒု တပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား သူရိန်ဦး၊ ရဲတပ်သား ဝေဖြိုးအောင်၊ ရဲတပ်သား ဟိန်းမင်းထက်နှင့် ရဲတပ်သား အောင်အောင်မျိုးတို့ ဖြစ်ပြီး ၎င်းတို့အား လတ်တလောတွင် လပွတ္တာမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ၎င်းတို့အား ရဲတပ်ဖွဲ့ ဥပဒေဖြင့် အရေးယူမည်ဖြစ်သလို နှိပ်စက်ခံထားရသူများမှ တရားစဲွဲဆိုသည့်အမှုကို လပွတ္တာမြို့နယ် တရားရုံးတွင် ဆက်လက်တရားရင်ဆိုင်ရဖို့ ရှိနေသည်။

နှိပ်စက်ညှဉ်းပန်းခံရသူ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့၏ အမှုဖွင့်တရားစွဲဆိုမှုအပေါ် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် အခြားအဆင့် ၆ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၃၀ (ဖြောင့်ချက်ပေးရန်၊ ပစ္စည်းပြန်ပေးရန် ညှဉ်းပန်းနှိပ်စက်မှု) နှင့် ရာဇသတ်ကြီးပုဒ်မ ၃၄၄ (ဆယ်ရက်ထက်ပိုမိုချုပ်နှောင်မှု) တို့ဖြင့် အမှုဖွင့်ထားရှိပြီး လပွတ္တာမြို့နယ် ဥပဒေရုံးသို့ အကြံတောင်း တင်ပြထားဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောသည်။

“ပိုးလောင်းစခန်းမှူးပါ ၇ ဦးကို မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်ပြီး ခုံရုံးဖွဲ့ စစ်ဆေးခဲ့တယ်။ စစ်ဆေးချက်ကို မြန်မာနိုင်ငံရဲချုပ်ထံ ပေးပို့ထားပြီး လက်ရှိတော့ အထက်နေက အမိန့်ပြန်ချ မလာသေးပါဘူး။ အပြင်တရားရုံးမှာ တရားစွဲတဲ့ကိစ္စကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၃၀ ၊ ၃၃၄/၁၁၄ တို့နဲ့ အမှုဖွင့်ထားပြီး လပွတ္တာမြို့နယ် ဥပဒေရုံးမှာ အကြံတောင်းတင်ပြထားဆဲ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကိုပြောသည်။

ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်မှာ ဒေါင့်ချောင်းကျေးရွာမှ သိန်း ၄၀၀ ကျော် ဖောက်ထွင်းခံရမှုနှင့်ပတ်သတ်၍ အိမ်နီးခြင်းဖြစ်သူ ကိုခင်မောင်လတ် (၃၂ နှစ်) အား ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပိုးလောင်းရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး မတ်လ ၁၅ ရက်နေ့တွင် အိမ်နီးချင်းဖြစ်သူ ကိုစိုးမြတ်အောင်နှင့် ရဟန်းဝတ်နေသည့် ဖခင်ဖြစ်သူ ဦးစိုးနိုင်တို့ကို လူဝတ်လဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးရာတွင် ပိုးလောင်းရဲစခန်းအနေဖြင့် လပွတ္တာခရိုင် တရားရုံးချုပ် ရမန် ရယူခြင်းမရှိဘဲ သံသယတရားခံများကို ရက်ပေါင်းများစွာ ထိန်းသိမ်း၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပိုးလောင်းရဲစခန်းမှ သံသယတရားခံ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့အား ဖောက်ထွင်းမှုနှင့် ပတ်သတ်၍ စစ်ဆေးမေးမြန်းရာတွင် ပလက်စတစ်ကော်ဘူးနှင့် ပလက်စတစ်ကြိုးများအား မီးရှို့၍ ကော်ရည်ပူအစက်များဖြင့် ယောင်္ကျားအင်္ဂါနှင့် ပေါင်သားများကို လောင်းချခြင်း၊ ယောင်္ကျားအင်္ဂါကို ဆေးလိပ်မီးဖြင့် တို့ခြင်း၊ လက်ထိပ် နောက်ပြန်ခတ်၍ ထုပ်တန်းတွင် တွဲလောင်း ဆွဲထားခြင်း၊ မျက်နှာကို လက်ဝါး၊ ကတ္တီပါဖိနပ်တို့ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခြင်း၊ ယောက်ျားအင်္ဂါ အမွှေးများအား ဆွဲနှုတ်သည့်နည်းလမ်းများဖြင့် နှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ညှဉ်းပန်းနှိပ်စက်ခံရသူများက ပြောသည်။

အဆိုပါ နှိပ်စက်မှုများအရ ကိုခင်မောင်လတ်မှာ ခိုးယူကြောင်း လိမ်လည်ဝန်ခံခဲ့ပြီး ပစ္စည်းများကို ၎င်း၏နေအိမ်တိုင်ခြေရင်းတွင် မြှုပ်ထားသည်ဟု ရဲတပ်ဖွဲ့ထံ လိမ်လည်ပြောဆိုခဲ့ကြောင်း၊ ပိုးလောင်းစခန်းမှ တပ်ဖွဲ့ဝင်များက ကိုခင်မောင်လတ်နေထိုင်ရာ ဒေါင့်ချောင်းကျေးရွာနေအိမ်သို့ ခေါ်ဆောင်ပြီး သက်သေခံပစ္စည်း ပြသရန် ရောက်ရှိချိန်တွင် ကိုခင်မောင်လတ်မှ ဇနီးဖြစ်သူနှင့် ကျေးရွာရာအိမ်မှူး ၃ ဦးအား ၎င်းရရှိသည့် ဒဏ်ရာများ ပြသ၍ မိမိအား ဝိုးဝန်းကယ်တင်ပေးကြရန် အကူအညီ တောင်းခံရာမှတဆင့် ပိုးလောင်းစခန်း၏ ညှဉ်းပန်းနှိပ်စက်မှုများကို ရပ်ရွာလူထုက သိရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ညှဉ်းပန်းနှိပ်စက်သည့် ရဲတပ်ဖွဲ့ဝင်များအား အရေးယူပေးရန် ကိုခင်မောင်လတ်၏ ဇနီးဖြစ်သူ မလှလှအေးနှင့် ကိုစိုးမြတ်အောင်၏ မိခင်ဖြစ်သူ ဒေါ်ဌေးတို့က လပွတ္တာခရိုင် ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားခဲ့ရာ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပိုးလောင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နောက်ပိုင်းတွင် နှိပ်စက်ခံခဲ့ရသူ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့၏ ထပ်မံတိုင်တန်းချက်အရ နှိပ်စက်မှုကျူးလွန်ပြီး အဖမ်းမခံရဘဲ လွတ်မြောက်နေသည့် ပိုးလောင်းစခန်းမှ တပ်ဖွဲ့ဝင် ၃ ဦးကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့သည်။

“အခုလို ရဲဥပဒေနဲ့ အရေးယူဖို့လုပ်ဆောင်တဲ့အပြင် အရပ်ဖက်တရားရုံးမှာ တရားစွဲဆိုခွင့်ပြုတဲ့အပေါ်မှာတော့ ကျနော်တို့က ကြိုဆိုပါတယ်။ အရင်တုန်းကဆိုရင် တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ကိစ္စက အရပ်ဖက် တရားရုံးမှာ တရားစွဲဆိုဖို့ ခက်ခဲတာတွေ ရှိခဲ့တယ်လေ။ အခု အရပ်သားအစိုးရလက်ထက်မှာတော့ ဒီလိုဓလေ့တွေ စတင်ထွန်းကားလာတဲ့အပေါ် ဝမ်းသာပါတယ်။ အဓိကကတော့ အပြစ်ရှိသူကို တရားဥပဒေ အတိုင်း စီရင်ဆုံးဖြတ်နိုင်ဖို့ပါပဲ။ နှိပ်စက်ခံခဲ့ရသူတွေအတွက် လိုအပ်မယ့်ရှေ့နေ ငှားရမ်းပေးနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ”ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင့်သူများအဖွဲ့ – HRDP ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။

ပိုးလောင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးရှိသည့်အနက် ယခုနှိပ်စက်မှုဖြစ်စဉ်အရ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး အဖမ်းခံခဲ့ရပြီး ကျန်တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က နေရာရွှေ့ပြောင်းခဲ့ကာ ပိုးလောင်းစခန်းတစ်ခုလုံးအား ရဲတပ်ဖွဲ့ဝင်အသစ်များဖြင့် အစားထိုး တာဝန်ပေးအပ် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ခိုးမှုသံသယတရားခံအဖြစ် ကိုနန်းဝင်းနှင့် မသန်းသန်းအေးတို့ ဇနီးမောင်နှံ ၂ ဦးအား ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ခင်ပွန်းဖြစ်သူမှာ အချုပ်ခန်းထဲတွင် ခြင်ဆေးခွေထွန်းသည့်သံပြားဖြင့် မိမိလည်ပင်းကို လှီးဖြတ်မှုဖြစ်ပွားခဲ့ပြီး ဇနီးဖြစ်သူ မသန်းသန်းအေးမှာ ငဝန်မြစ်ထဲသို့ လက်ထိပ်တန်းလန်းဖြင့် ခုန်ချကာ မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

ထိုသို့ ညှဉ်းပန်း နှိပ်စက်မှုများပေါ်ပေါက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ရဲချုပ်မှ သင်္ဘောကျင်းစခန်းမှ အမှုစစ် ဒုရဲအုပ်ကို ရာထူးမှဖြုတ်ကာ ထောင်ဒဏ် အပြစ်ပေးခဲ့ပြီး စခန်းမှအခြားအဆင့် တပ်ဖွဲ့ဝင် ၄ ဦးကို ရာထူးတဆင့် လျှော့ချသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading