သတင်း

မူးယစ်နှိမ်နင်းရေးတွင် အရပ်သားထည့်သွင်းဖွဲ့စည်းရန် သမ္မတညွန်ကြား

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့များတွင် စိတ်ဝင်စားသည့် အရပ်သားပြည်သူများအား ထည့်သွင်းဖွဲ့စည်းရန် လိုအပ်ကြောင်း သမ္မတဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် အဖွဲ့ဝင်များအား ယနေ့မနက် ပိုင်းကတွေ့ဆုံစဉ် ပြောဆိုညွန်ကြားခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့များအား မြို့နယ်အလိုက် ဖွဲ့စည်းရာတွင် အရပ်ဖက် အဖွဲ့အစည်းများမှလည်း ပူးပေါင်း ပါဝင်လာစေရန်နှင့် ဆုငွေချီးမြှင့်ရေးစနစ် ကျင့်သုံးကာ စီမံဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

သမ္မတနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးစိုးအောင်က “တနိုင်ငံလုံးမှာ မူးယစ်ဆေးပြားတွေက လွယ်လွယ်ရနေတာ၊ တိုင်းနဲ့ပြည်နယ် အသီးသီးပြန့်နေတာ၊ ဒါကို ပြည်ထဲရေး တခုတည်း လုပ်လို့မရဘူး၊ CSO တွေ၊ ဒေသခံတွေ ပါဝင်းပြီး ထိထိရောက်ရောက် လုပ်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းများအား ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို သီးခြားဖွဲ့စည်း၍ ဗဟိုအဖွဲ့မှ တိုက်ရိုက် ကွပ်ကဲကာ ဆောင်ရွက်သွားရန်လည်း သမ္မတညွန်ကြားခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါး တားဆီးရေး အထူးအဖွဲ့ ဖွဲ့စည်းရေးအတွက် မူဝါဒ၊ စည်းမျဉ်းများအား ရေးဆွဲသွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်မည့် အရပ်သားပြည်သူများ လုံခြုံရေး အတွက်လည်း သိုသိုသိပ်သိပ်ဖြင့် အမှုများအား ကိုင်တွယ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ဒုဝန်ကြီးဦးစိုးအောင်က ပြောသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ရာတွင် UN Convention ပါ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်သွားရန်နှင့် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆေးကုသပေးခြင်း၊ ပြန်လည် ထူထောင်ခြင်းများအား ဆောင်ရွက်သွားရန် အတွက်လည်း မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးအဖွဲ့များအား မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဖွဲ့စည်းသွားရန် လိုအပ်ကြောင်း သမ္မတကပြောကြားခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် မက်သာဖက်ဒမင်းအပါအဝင် မူးယစ်ဆေးဝါးများထုတ်လုပ်ရောင်းချမှုသည် အာရှနိုင်ငံများ အပါအဝင် သြစတေးလျနိုင်ငံအထိပါ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) မှ အရှေ့တောင်အာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Jeremy Douglas က မေ ၂၁ ရက်နေ့တွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် တနိုင်ငံလုံးအနေအထားဖြင့် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဘိန်းစိုက်ပျိုးမှု လျော့ချလာနိုင်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းမှုမရှိသည့် ဒေသများတွင် အစိုးရအနေဖြင့် ဘိန်းတိုက်ဖျက်ရေး လုပ်မပေးနိုင်သည်ကို တွေ့ရကြောင်းလည်း UNODC ကပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ ရောက်လာသည့် ကုန်သင်္ဘောပေါ်မှ ကုန်တိန်နာ
တလုံးအတွင်းမှ မက်သာဖက်တမင်း စိတ်ကြွဆေး(ရာဘ) ၁ ဒဿမ ၂ တန်ကိုဖမ်းဆီးရမိခဲ့ကြောင်း
မလေးရှား အာဏာပိုင်များက ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါ မက်သာဖက်တမင်းများကို လက်ဖက်ခြောက်ကဲ့သို့ ထုပ်ပိုးထားပြီး ရန်ကုန်ဆိပ်ကမ်းမှ ကွာလာလန်ပူမြို့ ပို့ကလန် ဆိပ်ကမ်းသို့ တင်ပို့လိုက်ခြင်းဖြစ်ကြောင်း မလေးရှား အကောက်ခွန် အရာရှိချုပ် ဆူဘရိုမန်နီယမ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Bangkok Post ကရေးသားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading