သတင်း

တပ်ချုပ်ရာထူးနှင့် ပင်စင်ကိစ္စ သမ္မတ၏ ဆုံးဖြတ်ခွင့်ဟု ပြည်ထောင်စု ရာထူးဝန် အဖွဲ့ပြော

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရာထူးသက်တမ်းနှင့် ပင်စင်ကိစ္စမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေအရ နိုင်ငံတော် သမ္မတနှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့တွင် တာဝန် မရှိကြောင်း ယင်းအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစောဗယ်လင်တိုင်းက ပြောသည်။

မနေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ ဒုတိယ ၁ နှစ်တာကာလ ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ ဝန်ထမ်းတိုင်းသည် ဥပဒေအရ အသက် ၆၀ ပြည့်ပါက ပင်စင်ယူရမည် ဖြစ်သော်လည်း တပ်ချုပ်ကို ခန့်အပ်ခွင့် ရှိသူမှာ သမ္မတ ဖြစ်ကြောင်း၊ သမ္မတသည်ပင် တပ်ချုပ်၏ ရာထူးသက်တမ်းကိစ္စ၊ ခန့်အပ်ခြင်း ကိစ္စတို့ကို ဆုံးဖြတ်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အဆိုပြု ထောက်ခံချက် လိုအပ်ကြောင်း ဦးစောဗယ်လင်တိုင်းက ရှင်းပြသည်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရာထူးသက်တမ်းကတော့ ကျနေ်ာတို့အဖွဲ့အစည်းရဲ့ အောက်မှာ မရှိပါဘူး။ သို့သော်လည်းပဲ သိသလောက် ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါနေတာပဲ။ တပ်မတော် အခန်းကဏ္ဍမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတော် သမ္မတကပဲ ခန့်ရတာပါ။ သမ္မတက ဘယ်အချိန်မှာ ခန့်လို့ရလဲဆိုရင် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံ အဆိုပြုချက်နဲ့မှ ခန့်လို့ရပါတယ်”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်၍ “နိုင်ငံတော် သမ္မတက တန်းခန့်လို့ မရဘူး။ ကာ/လုံရဲ့ ထောက်ခံချက်နဲ့ပဲ ခန့်လို့ရတယ်။ ကာ/လုံမှာက သမ္မတပါမယ်။ ဒုတိယ သမ္မတ ၂ ယောက်ပါမယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နောက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နယ်စပ်၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ပါမယ်။ အဲဒီလူတွေပါတဲ့ အဖွဲ့က အဆိုပြုမှ နိုင်ငံတော် သမ္မတက ခန့်လို့ရတာ”ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် အသက် ၆၅ နှစ် အထိ တာဝန်ထမ်း ဆောင်နိုင်ပြီး ဗိုလ်ချုပ်ကြီးအဆင့်မှစ၍ ဗိုလ်မှူးချုပ်အဆင့်အထိ ရာထူးများ၏ တာဝန် သက်တမ်း များကို ကန့်သတ်ထားကြောင်း တပ်မတော်မှ ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အသက် ၆၀ ပြည့်သွားခဲ့ပြီ ဖြစ်သော်လည်း တပ်မတော်သားများသည် အခြားသော နိုင်ငံ့ဝန်ထမ်းများထက် ထူးခြားသော သဘာဝ ရှိခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၉၁ တွင်လည်း တပ်မတော်သားများနှင့် ပတ်သက်၍ တပ်မတော်ဥပဒေများအတိုင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း တပ်မတော်ခေါင်းဆောင်များက ရှင်းလင်းပြောဆိုထားသည်။

သို့သော် အရပ်ဘက် ဝန်ထမ်းများကိုမူ တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး အလို့ငှာ တာဝန်ဆက်လက်ထမ်းဆောင်စေလိုပါက အသက် ၆၀ ပြည့်သော်လည်း နိုင်ငံတော် သမ္မတက ၁ နှစ် သက်တမ်းတိုး ခန့်အပ်ခွင့်ရှိကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့က ပြောသည်။

“နိုင်ငံဝန်ထမ်းတိုင်းဟာ အသက် ၆၀ ပြည့်ရင် ပင်စင်ယူရမယ်ဆိုတာ သူ့ဥပဒေအရပါပဲ။ သို့သော်လည်းပဲ ခုနက ပြောတဲ့ အချက်တွေ ရှိပါတယ်။ ဒါပေမယ့် ညွှန်မှူးလို ဝန်ထမ်းတွေကို နိုင်ငံအကျိုးအလို့ငှာ အသက် ၆၀ ပြည့်ပြီးရင် တနှစ်ထပ်တိုးပြီးတော့ ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူးကို ခန့်ထားခွင့်ရှိတယ်။ နိုင်ငံတော် သမ္မတက ခန့်လို့ရတယ်”ဟု ဦးစောဗယ်လင်းတိုင်းက ရှင်းပြသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူတဦးဖြစ်သူ ဦးရဲထွန်းကမူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သက်တမ်းကို ဥပဒေနှင့်အညီ ဖြစ်စေရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်း ညီညွှတ်စေမည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေတခု ရေးဆွဲပြဌာန်းသင့်ကြောင်း အကြံပြု ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading