သတင်း

နိုင်ငံရေးမဟောရန် ပိတ်ပင်မှု ဆရာ/မများနှင့် ကျောင်းသားသမဂ္ဂများ ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် ကျောင်းများတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို ခွင့်မပြုကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားချက်အပေါ် ဆရာ/ဆရာမများအပါအဝင် ကျောင်း သားသမဂ္ဂများက ကန့်ကွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါညွှန်ကြားချက်ကို တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများကိုယ်စားပြုကော်မတီ (uta) အပါအဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ရန် ကုန်စီး ပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်၊ ဆေးဘက်ဆိုင် ရာ နည်းပညာကျောင်းသားသမဂ္ဂ၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ စသည်ဖြင့် အသီးသီး ကန့်ကွက်ထုတ်ပြန်ခဲ့ကြ သည်။

“ပြောရရင်တော့ ကန့်ကွက်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်လို့ ဒီမိုကရေစီကို နောက်ပြန်ဆွဲစေတယ်။ ပြည်သူ့အစိုးရလို့ ကြွေးကြော်ထားတဲ့ အစိုးရရဲ့ပုံရိပ်ကို အကြီးအကျယ်ထိခိုက်တယ်” ဟု တက္ကသိုလ်ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီ (uta) အဖွဲ့ဝင် ဒေါက်တာသန်းလွင်ဦးက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက ယခုညွှန်ကြားချက်သည် ဒီမိုကရေစီပညာရေးတွင် အရေးကြီးသည့် ဝေဖန်ဆန်းစစ် တွေးခေါ်နိုင်မှု ရရှိရန် အဓိကမောင်းနှင်အားဖြစ်သည့် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် တက္ကသိုလ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးသမားများနှင့် တက္ကသိုလ်အာဏာပိုင်များက ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချသည်ဟုသာ မြင်ကြောင်း ပြောဆိုသည်။

၂၀၁၈၊ မေလ ၂၁ ရက်စွဲပါ ယင်းညွှန်ကြားချက်တွင် ကျောင်းသူ၊ ကျောင်းသားများ ဦးစီး၍ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်ရှိပါက သက်ဆိုင်ရာပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ စိစစ်ချက်၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ ၏ ထောက်ခံချက်တို့နှင့်အတူ အဆင့်မြင့်ပညာဦးစီးဌာနသို့ အသိပေး၍ သဘောထားမှတ်ချက် ရယူဆောင်ရွက်ရမည်ဟု ပါရှိသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်လိုပါက နိုင်ငံရေးနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ခွင့်မပြုရန်ဟူ၍ ဖော်ပြထားခြင်းဖြစ်သည်။

“ဘယ်ဟာပဲလုပ်လုပ် မှတ်တမ်းမှတ်ရာတော့ လိုတာပေါ့။ နောက် ခွင့်ပြုတယ် မပြုဘူးက သူတို့လုပ်မယ့်ကိစ္စကြည့်ပြီးမှ ပါချုပ်တွေက ဆုံးဖြတ်ပေးမှာပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တာဆိုတာ မတရားအသင်းဥပဒေတို့ဘာတို့ ပြဋ္ဌာန်းထားတာတွေရှိ တယ်။ အဲဒီလိုအကြောင်းအရာတွေနဲ့ စပ်လျဉ်းရင်တော့လည်း ဘယ်ခွင့်ပြုလို့ရမလဲ။ ကျန်တဲ့နိုင်ငံရေးဆိုတာလည်း ခွင့်မပြု ထားတဲ့ နိုင်ငံရေး ဒီသဘောဖြစ်မှာပါ။ ကျနော်တော့ အဲဒီလိုပဲ နားလည်တယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦး က ပြောဆိုသည်။

အဆိုပါညွှန်ကြားချက်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “စီမံအုပ်ချုပ်ပုံ မတတ်တာလား။ Academic Freedom ကို ကြောက်တာလား။ ပညာရေးရှက်စရာပါ” ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန် ရေးသားထားသည်ကို တွေ့ရသည်။

လူငယ်နှင့် နိုင်ငံရေးသည် ခွဲခြား၍ မရနိုင်သော ဆက်စပ်မှုတခုဖြစ်သည့်အားလျော်စွာ ယင်းကြေညာချက်သည် လွတ်လပ်စွာ တွေးခေါ်လိုသော လူငယ်များ၏ အတွေးများကို အမှောင်ချလိုက်သည့်သဘော သက်ရောက်နေသည်ဟု ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များက ပြောသည်။

“ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူးဆိုတာ ဒီမိုကရေစီနိုင်ငံ မဖြစ်စေချင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒေါက်တာမျိုးသိမ်းကြီး ကို ပြတ်ပြတ်သားသား ဝေဖန်ရမယ်ဆိုရင် တော်တော်ဆင်ခြင်တုံတရား အားနည်းတဲ့သူတယောက်ပဲ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူက ဆိုသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ရုတ်သိမ်းမပေးမချင်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဦးစီးကျင်းပမည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို မည်သည့်သက်ဆိုင်ရာဌာနကိုမှ အသိပေး အကြောင်းကြားသွားတော့မည် မဟုတ်ကြောင်း ၎င်းတို့၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ၏ မေ ၃၀ ရက် ထုတ်ပြန်ချက်တွင်လည်း ပညာရေးဝန်ကြီးဌာန၏ ယင်းညွှန်ကြားချက်အား လွှမ်းမိုးပယ်ဖျက်သည့် တရားဝင်အမိန့်တခုကို အမြန်ဆုံးထုတ်ပြန်ပေးရန် တောင်းဆိုထားသ ကဲ့သို့ နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်ကလည်း ယင်းညွှန်ကြားချက်ကို ပယ်ဖျက်ပေးရန် တောင်းဆို ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading